မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ယနေ့ထိုးသတ်ရမည့် အိုကာမီနှင့်ပွဲမှာ ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်မည့် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်းနှင့် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ONE 163 ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား အိုကာမီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်က “ကျွန်တော်နဲ့ ထိုးသတ်ရမယ့် အိုကာမီက ကစားသမားကောင်းတစ်ဦးပါ။ လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ကတည်းက ထူးချွန်တဲ့ကစားသမားတစ်ဦးဖြစ်သလို မတူညီတဲ့ အဖွဲ့အစည်းတွေမှာ ယှဉ်ပြိုင်ထားတဲ့သူဖြစ်ပါတယ်။ ဒီပွဲက ကျွန်တော်ရဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်သလို ကျွန်တော့်အနေနဲ့လည်း အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်ပြင်ဆင်ထားသလို အားနည်းချက်မရှိအောင်လည်း ပြင်ဆင်ထားပါတယ်”ဟု ONE Championship အဖွဲ့အစည်းနှင့် တွေ့ဆုံသည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားသည်။

ONE 163 ပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း (၁၂)ပွဲ ပါဝင်မည်ဖြစ်ပြီး အပိုင်းနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အပိုင်း (၁)ကို မြန်မာစံတော်ချိန် ညနေ (၄)နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်း (၆)ပွဲ ပါဝင်မည်ဖြစ်သည်။ အပိုင်း (၂) ကို မြန်မာစံတော်ချိန် ည (၇)နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်ပွဲစဉ်မှာ အပိုင်း(၂)မှ ပါဝင်မည်ဖြစ်သည်။
အပိုင်း(၂) တွင် တွဲဆိုင်း (၆)ပွဲပါဝင်မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား အိုကာမီတို့တွဲ ဆိုင်းကို ပုံမှန်စိန်ခေါ်ပွဲအဖြစ်သာ ထည့်သွင်းထားကာ ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ နှစ်ပွဲကို အဓိကတွဲဆိုင်းအဖြစ် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် Main Event အဖြစ် ကစ်ဘောင်ဆင် ဘင်တန်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဂျပန်နိုင်ငံသား အကီမိုတိုနှင့် ထိုင်းနိုင်ငံသား ပတ်ချာတာနွန်၊ Co Main Event အဖြစ် ကစ်ဘောင်ဆင် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ယူကရိန်းနိုင်ငံသား ရိုမန် နှင့် အီရန်နိုင်ငံသား အီရာဂျေ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ်အဖြစ် ယခင်က သတင်းထွက်ပေါ် ခဲ့သည့် ဂျပန်နိုင်ငံသား အိုကာမီနှင့် ထိုးသတ်ရခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ၀ိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံဆုများ လက်လွှတ်ခဲ့ရပြီးနောက် စိန်ခေါ်ပွဲ နှစ်ပွဲ ထိုးသတ်ထားပြီး ဘရာဇီးနိုင်ငံသား လီအန်ဒရိုကို အနိုင်ရသော်လည်း ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ခဲ့သဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ခွင့်ဆုံးရှုံးခဲ့ပြီး စိန်ခေါ်ပွဲများသာ ပြန်လည်ထိုးသတ်နေရခြင်းဖြစ်သည်။ ယခုပြိုင်ပွဲကို Sky Net ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။