အယ်လ်နာဆာအသင်းသည် အဘူဘာကာကို စာချုပ်ဖျက်သိမ်းပြီး နောက် စီရော်နယ်လ်ဒိုကို ဆော်ဒီလိဂ်ပြိုင်ပွဲအတွက် မှတ်ပုံတင်နိုင်ခဲ့ပြီး ဇန်နဝါရီလ(၂၂)ရက်တွင် ကစားမည့် Ettifaq အသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ ပွဲဦးထွက်ဖွယ်ရှိကြောင်း သိရသည်။

ဆာ်ဒီလိဂ်ပြိုင်ပွဲ စည်းမျဉ်းအရ အသင်းတစ်သင်းတွင် နိုင်ငံခြားသားကစားသမား (၈)ဦးသာ ပါဝင်ခွင့်ပြုထားပြီး အယ်လ်နာဆာအသင်းတွင် စီရော်နယ်လ်ဒိုအပါအဝင် နိုင်ငံခြားသား (၉)ဦးအထိ ရှိသွားသောကြောင့် အဘူဘာကာကို နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း ပြင်သစ်သတင်းများက ဖော်ပြခဲ့သည်။
အယ်လ်နာဆာအသင်းတွင် အခြားနိုင်ငံခြားသားကစားသမားများအဖြစ် အော့စ်ပင်နာ၊ ပီတီမာတီနက်ဇ်၊ ကိုနန်၊ ဂူစတာဗို၊ အယ်လ်ဗာရိုဂွန်ဇာလက်ဇ်၊ မာရှာရီပေါ့ဗ်နှင့် တာလစ္စကာတို့ ရှိနေခြင်းဖြစ်သည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင်ကစားစဉ် ၂၀၂၁ ခုနှစ်အတွင်းက အဲဗာတန်နှင့်ပွဲ၌ အသက်(၁၄)နှစ်အရွယ်ရှိ အဲဗာတန်ပရိသတ်၏ဖုန်းကို ရိုက်ချခဲ့သောကြောင့် လက်ရှိတွင် နှစ်ပွဲပယ်ပြစ်ဒဏ် ကျခံနေရလျက်ရှိသည်။
ယင်းပြစ်ဒဏ်အရ သောကြာနေ့က ကစားခဲ့သည့် Al Ta’ee အသင်းအား (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲနှင့် ဇန်နဝါရီလ(၁၄)ရက်တွင်ကစားမည့် အယ်လ်ရှာဘတ်နှင့် ပွဲများအား လွဲချော်မည်ဖြစ်ပြီး ဇန်နဝါရီလ(၂၂)ရက်ပွဲမှသာ အသင်းနှင့်ပွဲဦးထွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူး အဘူဘာကသည် ၂၀၂၁ ခုနှစ် ဇွန်လတွင် အယ်လ်နာဆာအသင်းသို့ (၃)နှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး တစ်နှစ်လစာ ယူရို(၆)သန်း ရရှိနေကာ အသင်းတွင်ကစားခဲ့သည့် (၁)နှစ်ခွဲကာလအတွင်း (၁၃)ဂိုးသွင်းယူ ကာ (၆)ဂိုး ဖန်တီးပေးခဲ့သည်။






