ဒီရာသီ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ထားပြီး Treble ရဖို့ လက်တကမ်း အလိုမှာ ရှိနေတဲ့ မန်စီးတီး အသင်းဟာ ယနေ့ညမှာ ၁၃နှစ်ကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဖလားကို ပြန်လည် ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန် ကြိုးစားမယ့် အင်တာမီလန်နဲ့ ယှဉ်ပြိုင် ဗိုလ်လုကြမှာ ဖြစ်ပါတယ် ။
အင်တာထက်စာရင် မန်စီးတီးဟာ လွန်ခဲ့တဲ့ ၂နှစ်ကပဲ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့ပြီး ထိုစဉ်က သောမတ်စ် တူချယ် ကိုင်တွယ်ခဲ့တဲ့ ချဲလ်ဆီးကို မကျော်ဖြတ်နိုင်ခဲ့လို့ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခွင့်ကို လက်လွှတ် ဆုံးရှုံးခဲ့ပါတယ် ။
ထိုအရှုံးရလဒ်မှာ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာရဲ့ နည်းစနစ် အဆန်းတွေက အခရာကျခဲ့ကြောင်း လူတွေက ယူဆကြပါတယ် ။ ဒီတကြိမ်မှာရော ပေါ်တူဂီမှာ ရခဲ့တဲ့ သင်ခန်းစာတွေကို ကြေညက်အောင် လေ့လာပြီး မန်စီးတီးတို့ အမှားတွေကို ပြုပြင်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

မန်စီးတီး ကွင်းလယ်ဗိုလ်ချုပ် ဖြစ်တဲ့ ကယ်ဗင် ဒီဘရိုင်းကတော့ ဒီတကြိမ် ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ သူတို့အနေနဲ့ ဒီရာသီ ဖလား ၂လုံး ရထားတဲ့ ချဉ်းကပ်မှု ပုံစံတွေ အတိုင်း ကစားမှာ ဖြစ်ကြောင်း တုန့်ပြန်ရင်း ၊ အင်တာဖက်ကို အနည်းဆုံး ဦးဆောင်ဂိုး ၂ဂိုး သွင်းထားမှ ဗိုလ်စွဲနိုင်မယ့် အကြောင်း ဖွင့်ဟလာပါတယ် ။
La Gazetta Dello Sport နဲ့ တွေ့ဆုံခဲ့ရာမှာ ဒီဘရိုင်း က ” ကျွန်တော် တခုခု အပြောင်းအလဲလုပ်ပြီး ပွဲချဉ်းကပ်လာမယ်လို့ မထင်ပါဘူး ။ ကျွန်တော်ဆိုလည်း အရင်ပွဲတွေလို စိတ်အေးအေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပါမယ် ။ ဒီပွဲအတွက် အသင့်ဖြစ်နေအောင် လုပ်ပါမယ် ။ ”

” ကျွန်တော်တို့ဟာ ချဲလ်ဆီးကို အနိုင်ယူခဲ့တဲ့ ပွဲအပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အောင်ပွဲခံခဲ့ကြပါတယ် ။ ဒါပေမယ့် အက်ဖ်အေဖလားဖိုင်နယ် အပြီးမှာတော့ ကျွန်တော် အိမ်တန်းပြန်ခဲ့ရပါတယ် ။ ကျွန်တော့ ဇနီးက အလုပ်တွေ ရှုပ်နေခဲ့တော့ ကလေးထိန်းပြီး ၊ မိသားစုနဲ့ အတူ နေရက်တချို့ အတူ ဖြတ်သန်းကုန်ဆုံးခဲ့ပါတယ် ။ ”
” ခင်ဗျားတို့ဟာ အင်အားတောင့်တင်းတဲ့ အသင်း မဖြစ်ပဲနဲ့တော့ ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းနိုင်မှာ မဟုတ်ပါဘူး ။ အင်တာဟာ ဒီရာသီ ကိုပါအီတာလီယာဖလား ဆွတ်ခူးထားသလို ရာသီကုန်ခါနီး ပွဲအားလုံးနီးပါးကို အနိုင်ကစားခဲ့တာပါ ။ သူတို့မှာ အတည်တကျ ကိုယ်ပိုင်ဟန် တခုနဲ့ လည်ပတ်မှုကောင်းတဲ့ ကစားကွက် ရှိပါတယ် ။ ”

” အင်တာနဲ့ ရင်ဆိုင်ရမှာကို လွယ်ကူတယ်လို့ ဘယ်သူမှ မတွေးကြပါဘူး ။ ဒါဟာ ဗိုလ်လုပွဲ တပွဲ ဖြစ်လို့ ကျွန်တော်တို့မှာလည်း ဆတူအခွင့်အရေးတွေ ရှိနေပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ဦးဆောင်ဂိုး တဂိုးထက် ပိုသွင်းပြီး ၊ သူတို့ထက် ပိုကောင်းအောင် ခုခံ ကစားရပါမယ် ။ ဒါက ပွဲတိုင်း ဒီလိုပဲ ဆိုတာ ကျွန်တော် ဝန်ခံပါတယ် ။ ကိုယ်သိထားတဲ့ နည်းလမ်းအတိုင်းပဲ ကျွန်တော်တို့ ကစားရမယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ယနေ့ညမှာ ဒီဘရိုင်းဟာ တနိုင်ငံတည်းသား လက်ရွေးစင် အသင်းဖော် ဖြစ်တဲ့ အင်တာမီလန် တိုက်စစ်မှူး ရိုမီလူ လူကာကူကို ပြိုင်ဖက် အဖြစ်နဲ့ တဖန် ပြန်လည် ရင်ဆိုင်ဖို့ ရှိပြီး ၊ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း ဒီဘရိုင်းက အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ဒီဘရိုင်း က ” ရှင်းရှင်းပြောရရင် ဘယ်လ်ဂျီယမ် အတွက် ကျွန်တော်တို့ အတူ နောက်ဆုံး ကစားခဲ့ပြီးကတည်းက သူနဲ့ ကျွန်တော် လုံးဝ စကားမပြောရသေးပါဘူး ။ ကျွန်တော်တို့ ၂ယောက်လုံး အရမ်း အလုပ်ရှုပ်နေကြတာပါ ။ ရိုမီလူဟာ ဘောလုံးမှာ ကျွန်တော့ရဲ့ အကောင်းဆုံး မိတ်ဆွေ တဦး ဖြစ်ပါတယ် ။ ”
” ကျွန်တော်တို့ဟာ အသက် ၁၃ ၊ ၁၄နှစ် အရွယ်မှာကတည်းက တယောက်နဲ့ တယောက် သိလာကြတာပါ ။ ဒါက ပွဲတပွဲသာ ဖြစ်ပါတယ် ။ ဒီပွဲ ပြီးတာနဲ့ ကျွန်တော်တို့ဟာ မိတ်ဆွေ တဖန် ပြန်ဖြစ်ကြဦးမှာပါပဲ ။ နောက်အပတ် နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းတဲ့အခါ ကျွန်တော်တို့ ၂ယောက် ပြန်ဆုံကြမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






