အာဂျင်တီးနားနိုင်ငံသားနည်းပြဖြစ်သူ တာတာမာတီနိုသည် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ကိုင်တွယ်ရန်အတွက် ဆွေးနွေးမှုများပြုလုပ်နေလျက်ရှိကြောင်း အတည်ပြုခဲ့သည်။
မေဂျာလိဂ်ပြိုင်ပွဲ အရှေ့ပိုင်းဇုန်တွင် ဇယားအောက်ဆုံးသို့ ရောက်ရှိနေသည့် အင်တာမိုင်ယာမီအသင်းသည် ယခုလအစောပိုင်းက နည်းပြ ဖီးလ်နဗီးလ်ကို ရာထူူးမှ ထုတ်ပယ်ခဲ့ပြီးနောက် အစားထိုးရန် နည်းပြတစ်ဦး ရှာဖွေနေခြင်းဖြစ်သည်။

ဇွန်လ(၂၄)ရက်က ပြုလုပ်ခဲ့သည့် အာဂျင်တီးနားတောင်ပံကစားသမား မက်ဆီရိုဒရီဂွက်ဇ်၏နှုတ်ဆက်ပွဲသို့ တက်ရောက်လာစဉ် မာတီနိုက အင်တာမိုင်ယာမီနှင့် ဆွေးနွေးနေမှုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
မာတီနိုသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက္ကဆီကိုလက်ရွေးစင်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေခြင်း ဖြစ်သည်။

၎င်းအနေဖြင့် ဘာစီလိုနာအသင်းတွင် မက်ဆီ၊ ဘူးစကွက်စ်စသည့် ကစားသမားများနှင့် လက်တွဲခဲ့ဖူးပြီး ယခင် မေဂျာလိဂ်ပြိုင်ပွဲအတွေ့အကြုံအဖြစ် အတ္တလန်တာယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့သည်။






