ချဲလ်ဆီး အသင်းရဲ့ စပိန်ဝါရင့် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာဟာ မနေ့ကပဲ အက်သလက်တီကို အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ် ။
အသက် ၃၃နှစ် အရွယ်ရှိ အက်ဇ်ပီလီကွီတာဟာ ချဲလ်ဆီးနဲ့ တနှစ် စာချုပ် ကျန်နေသေးပေမယ့် ၊ ကလပ်နဲ့ ကစားသမား အကြားမှာ ကြီးမားတဲ့ လေးစားမှုတွေ ရှိတာကြောင့် ၂ဦး၂ဖက် သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်
အစောပိုင်းမှာ အင်တာမီလန်က ယင်းစပိန်သားကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် ၊ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုကြောင့် ကစားသမားဖက်က အက်သလက်တီကိုကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ၊ အခုအခါမှာတော့ ၄င်းဟာ ယင်းမက်ဒရစ်မြို့ခံ ကလပ်နဲ့ ၂နှစ် စာချုပ်ချုပ်ဆိုတော့မှာ ဖြစ်ပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး အင်တာ စီအီးအို မာရော့တာ က ” ကျွန်တော်တို့ ဒီအကြောင်းကို မငြင်းပါဘူး ။ အော်ဆီလီယို ၊ ဘက်ချင်နဲ့ ကျွန်တော်တို့ဟာ အက်ဇ်ပီလီကွီတာကို နည်းစနစ်ပိုင်း ကျွမ်းကျွင်မှု သိပ်မရှိပေမယ့် ကြီးကျယ်တဲ့ အတွေ့အကြုံတွေနဲ့ အဝတ်လဲခန်း အတွက် အနိုင်ရလိုစိတ် ပိုင်ဆိုင်ထားတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားခဲ့ကြပါတယ် ။ ”
” သို့ပေမယ့် သူဟာ စပိန်သား တယောက် ဖြစ်ပြီး ၊ ကြည့်ရတာတော့ စပိန်က ကမ်းလှမ်းမှု တချို့ဟာ သူ့ရဲ့ စိတ်ကို ဆွဲဆောင်နိုင်ခဲ့ပုံ ပေါ်ပါတယ် ။ ဒီတော့ ဒါကို သူ လေးလေးနက်နက် စဉ်းစားပေးခဲ့တာ မဆန်းပါဘူး ။ ဒါက ပုံမှန်ပါပဲ ။ သူ့ရဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ လေးစားမှုရှိရှိနဲ့ စောင့်ဆိုင်းနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ အင်တာဟာ ချဲလ်ဆီး တိုက်စစ်မှူး ရိုမီလူ လူကာကူ အတွက် တနှစ် အငှား + ယူရိုသန်း ၃၀ မဖြစ်မနေ ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းနိုင်တယ်လို့ ကောလဟလတွေ ထွက်ထားပေမယ့် ၊ လောလောဆယ်မှာတော့ ယင်းဘယ်လ်ဂျီယမ်သားဟာ ချဲလ်ဆီးရဲ့ ကစားသမား မှတ်ပုံတင်စာရင်းမှာ ပါဝင်နေပါတယ် ။
ယင်းအသက်၃၀နှစ် အရွယ် တိုက်စစ်မှူး အတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးပြီး ခေါ်မှာ မဟုတ်ကြောင်း ထုတ်ဖော်ရင်း ၊ ချဲလ်ဆီး အနေနဲ့ ၄င်းအတွက် စျေးအများကြီး တင်ရောင်းလို့ မရတဲ့ အကြောင်းပါ မာရော့တာက အခုလိုပဲ သတိပေးသွားပါတယ် ။
မာရော့တာ က ” ကျွန်တော်တို့ဟာ ဒီအပြောင်းအရွှေ့မှာ ငွေကြေး မတန်တဆ သုံးတာမျိုး မလိုလားပါဘူး ။ ကျွန်တော်တို့ဟာ အသင်းလိုက် အလုပ်လုပ်နေကြပြီး ၊ ကိုယ့်ရဲ့ ပစ်မှတ် ပန်းတိုင်တွေ သတ်မှတ်ထားတာ ရှိပါတယ် ။ ဒါရိုက်တာ တယောက်ဟာ ရည်မှန်းချက် ပြင်းထန်ပြီး ၊ မြင့်မြင့်မားမား မျှော်မှန်းဖို့ကို ရှက်နေစရာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ဒါပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေဟာ ပြောင်းရွှေ့ကြေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု အပေါ်မှာ အဓိကအားဖြင့် မူတည်ပါတယ် ။ လာမယ့် ရက်အနည်းငယ် အတွင်း ကျွန်တော်တို့ဟာ ကိုယ်တန်ဖိုးထားတဲ့ ကြေးတရပ်နဲ့ အရာအားလုံးကို စိတ်ထဲ ထိန်းသိမ်းသွားမှာပါ ။ ”
” လူကာကူရဲ့ အပြောင်းအရွှေ့ဟာ ပြီးခဲ့တဲ့ ချဲလ်ဆီး ပိုင်ရှင်ဟောင်း လက်ထက်က ဆိုတာ မမေ့ကြပါနဲ့ ။ ဒီတော့ ပိုင်ရှင်သစ်တွေဟာ လူကာကူကို သူတို့ရဲ့ စီမံကိန်းနဲ့ အနာဂတ် တစိတ်တပိုင်းမှာ ထည့်သွင်းစဉ်းစားမလား ဆိုတာ ဆုံးဖြတ်ဖို့ လိုပါတယ် ။ သူသာ ပိုင်ရှင်သစ်တွေရဲ့ အစီအစဉ်မှာ မပါဝင်ဘူးဆိုရင် သူတို့ရဲ့ ချဉ်းကပ်ပုံက ပြောင်းလဲပါလိမ့်မယ် ။ ”
” သူတို့ဟာ လူကာကူကို တန်ကြေး မြင့်မြင့်မားမားနဲ့ စျေးတင်လို့ မရဘူးဆိုတာ ရှင်းနေပါတယ် ။ ဆော်ဒီက ကမ်းလှမ်းတာက ယူရိုသန်း ၅၀ ဝန်းကျင် ရှိလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ဒီကြေးဟာ ကျွန်တော်တို့ဆီကနေ လူကာကူကို ခေါ်ခဲ့တုန်းက ချဲလ်ဆီးဖက်က ပေးဝယ်ခဲ့တဲ့ ယူရို ၁၁၅သန်းကြေးနဲ့ အလှမ်း အတော်ဝေးနေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






