လာမည့်နွေရာသီ အပြောင်းအရွှေ့ သတင်းများထွက်ပေါ်နေသည့် ဇာဘီအလွန်ဆိုက လေဗာကူဆင်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး လူငယ်နည်းပြတစ်ဦးအတွက် မှန်ကန်သည့်နေရာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၄၂ နှစ်သာရှိသေးသူ စပိန်လူငယ်နည်းပြ အလွန်ဆိုကို ၎င်း၏အသင်း ဟောင်းများဖြစ်သည့် လီဗာပူးလ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က လာမည့်နွေရာသီတွင် ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ၎င်း၏စာချုပ်မှာ ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးသလို လေဗာကူဆင်အသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် အလွန်ဆိုက အတည်ပြုပြောကြားခဲ့သည်။

“ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ခန့်မှန်းတာတွေ အများကြီးရှိခဲ့ပါတယ်။ အခုအချိန်အထိ ကျွန်တော်တို့ ပွဲတွေအများကြီးကစား ခဲ့ရပြီး အလုပ်တွေအရမ်းများသလို အာရုံစိုက်ခဲ့ရတယ်။ နိုင်ငံတကာရက်သတ္တပတ်ကာလမှာ ကျွန်တော်ပြန်စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ဆီမွန် (အားကစားဒါရိုက်တာ)၊ ဖာနန်ဒို (အမှုဆောင်ချုပ်) တို့နဲ့ သေချာဆွေးနွေးခဲ့ပြီး ဘေယာလေဗာကူဆင်နည်းပြအဖြစ် ဆက်လုပ်ဖို့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို အသိပေးခဲ့ပါတယ်။ ကစားသမားတွေက ဒီအသင်းကို ဆက်ပြီးယုံကြည်နေဖို့ အကြောင်းပြချက်တွေ အများကြီးပေးခဲ့တယ်။ သူတို့ရဲ့အားထုတ်မှု၊ သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ဆာလောင်မှုတွေက ကောင်းမွန်တဲ့ရာသီတစ်ခု ဖြစ်စေမှာပါ။ ဒီ အသင်းမှာ ကျွန်တော့်ရဲ့အလုပ်က မပြီးဆုံးသေးပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့ပြင် အသင်းဟောင်းများ၏ ချဉ်းကပ်မှုနှင့်ပတ်သက်၍ အလွန်ဆိုက “ဒီလိုအခြေ အနေမျိုးမှာ တခြားအသင်းတွေအကြောင်း ပြောရတာ မှန်ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ ကျွန်တော်ကစားခဲ့ဖူးတဲ့ အသင်းတွေဆီက ခိုင်မာတဲ့ချိတ်ဆက်မှုတွေ ရခဲ့တယ်ဆိုတာ သေချာပါတယ်။ အဲဒီအတွက် ကျွန်တော် သူတို့ကို လေးစားမှုရှိပါတယ်။ ကျွန်တော်က လူငယ်နည်းပြတစ်ယောက်ပါ။ ဒါပေမဲ့ အခု အချိန်မှာ ဒီနေရာက မှန်ကန်တဲ့နေရာဖြစ်တယ်လို့ ခံစားရပါတယ်။ ဒီအသင်းနဲ့အတူ၊ ကစားသမားတွေနဲ့အတူ ဆက်ပြီးတိုးတက်လာအောင် ကျွန်တော်လုပ်ချင်တယ်။ ခန့်မှန်းမှုတွေက လုံလောက်ပါပြီ။ ကျွန်တော်က ဘယ်နေရာရောက်ရောက် ပျော်ရွှင်ချင်ပြီး လေဗာကူဆင်မှာ ပျော်နေပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
အလွန်ဆိုသည် နည်းပြဘဝကို ရီးယဲလ် ယူ-၁၄ အသင်းနှင့် စတင်ခဲ့ပြီး ဆိုစီဒက် (ခ) အသင်းကို ၂၀၁၉ မှ ၂၀၂၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် လေဗာကူဆင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။






