Tuesday, October 28, 2025
spot_img
spot_img

လူမှုမီဒီယာများတွင် Follower အများဆုံးကလပ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်း ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ သင်းစာရင်း၌ ပရီးမီးယားလိဂ်ကလပ် ငါးသင်းအထိ ပါဝင်

Facebook ၊ Twitter ၊ Instagram ၊ TikTok စသည့် ကမ္ဘာတစ်ဝန်း အသုံးပြုမှုအများဆုံး လူမှုမီဒီယာများတွင် Follower အများဆုံး ဘောလုံးကလပ်အဖြစ် ရီးယဲလ်မက်ဒရစ်အသင်း ရပ်တည်နေပြီး ထိပ်ဆုံး ၁၀ သင်းစာရင်း၌ ပရီးမီးယားလိဂ်ကလပ် ငါးသင်းအထိ ပါဝင်နေကြောင်း သိရသည်။

ယင်းစစ်တမ်းကို ဆွစ်ဇာလန် နိုင်ငံအခြေစိုက် လွတ်လပ်သည့် ပညာရေးနှင့် သုတေသနအဖွဲ့အစည်းဖြစ်သည့် CIES Football Observatory က ထုတ်ပြန်ထားခြင်းဖြစ်သည်။ CIES သည် လူမှုမီဒီယာအသီးသီးတွင် Follower အများဆုံး ဘောလုံးကလပ်အသင်း ၁၀၀ စာရင်းကို ဇွန်လအတွင်း စစ်တမ်းပြုလုပ်ထားခြင်း ဖြစ်ပြီး လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းက Facebook တွင် ၁၁၇ သန်း၊ Instagram တွင် ၁၃၅ သန်းဖြင့် အများဆုံးအဖြစ် ရပ်တည်နေသလို Twitter တွင် ၇၉ ဒသမ ၇ သန်းနှင့် TikTok တွင် ၃၀ ဒသမ ၈ သန်း၊ စုစုပေါင်း Follower ၃၆၂ ဒသမ ၅ သန်းဖြင့် ထိပ်ဆုံးနေရာ ရပ်တည်လျက်ရှိသည်။

ဘာစီလိုနာအသင်းက Twitter တွင် ၈၂ ဒသမ ၈ သန်းဖြင့် အများ ဆုံးအဖြစ် ရပ်တည်နေပြီး  Instagram တွင် ၁၁၉ သန်း၊ Facebook တွင် ၁၁၂ သန်း၊ TikTok တွင် ၂၈ ဒသမ ၃ သန်း၊ စုစုပေါင်း ၃၄၂ ဒသမ ၁ သန်းဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ မန်ယူအသင်းက Twitter တွင် ၄၁ ဒသမ ၅ သန်း၊ Instagram တွင် ၆၁ ဒသမ ၅ သန်း၊ Facebook တွင် ၈၀ ဒသမ ၈ သန်း၊ TikTok  တွင် ၂၂ ဒသမ ၄ သန်း၊ စုစုပေါင်း ၂၀၆ ဒသမ ၂ သန်းဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။ ဘောလုံးအသင်းများအနက် Follower သန်း ၃၀၀ ကျော်ရှိသည့်အသင်း အဖြစ် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီ လိုနာ၊ သန်း ၂၀၀ ကျော်ရှိသည့် အသင်းအဖြစ် မန်ယူအသင်းတို့သာ ရပ်တည်နေခြင်းဖြစ်ကြောင်း ယခုစာရင်းအရ သိရသည်။

၎င်းတို့၏နောက်တွင် PSG အသင်းက TikTok ၌ ၄၀ ဒသမ ၄ သန်းဖြင့် အများဆုံးအဖြစ် ရပ်တည်နေပြီး စုစုပေါင်း ၁၈၆ ဒသမ ၈ သန်း၊ ဂျူဗင်တပ်စ်အသင်းက ၁၄၄ ဒသမ ၁ သန်း၊ ချယ်လ်ဆီးအသင်းက ၁၃၄ ဒသမ ၄ သန်း၊ မန်စီးတီးအသင်းက ၁၃၀ ဒသမ ၉ သန်း၊ လီဗာပူးလ်အသင်းက ၁၃၀ ဒသမ ၆ သန်း၊ ဘိုင်ယန်မြူးနစ်အသင်းက ၁၂၆ ဒသမ ၇ သန်း၊ အာဆင်နယ်အသင်းက ၉၃ ဒသမ ၇ သန်းဖြင့် အစဉ်လိုက်ရပ်တည်နေသည်။ ထိပ်ဆုံး ၁၀ သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ်များက ငါးသင်းပါဝင်ပြီး လာလီဂါ ကလပ်နှစ်သင်း၊ လီဂူး-၁၊ စီးရီးအေ နှင့် ဘွန်ဒစ်လီဂါကလပ် တစ်သင်းစီ ပါဝင်နေခြင်းဖြစ်သည်။

ဥရောပထိပ်သီးလိဂ်ငါးခုပြင်ပတွင် ဘရာဇီးလ်ကလပ် ဖလာမင်ဂို အသင်းက ၄၉ ဒသမ ၇ သန်းဖြင့် အဆင့် ၁၄၊ အီဂျစ်ကလပ် အယ်လ်အာလီအသင်းက ၄၄ ဒသမ ၈ သန်း ဖြင့် အဆင့် ၁၇၊ တူရကီကလပ် ဂါလာတာစာရေးအသင်းက ၄၀ ဒသမ ၁ သန်းဖြင့် အဆင့် ၁၈ နေရာ ရပ်တည်နေပြီး ဆော်ဒီ၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ နယ်သာလန်၊ မက္က ဆီကို၊ ပေါ်တူဂီ၊ အီရန်၊ တန်ဇန်နီးယား၊ တောင်အာဖရိက၊ မော်ရိုကို၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အိန္ဒိယ၊ အမေရိကန်၊ ချီလီ၊ ရုရှားနှင့် စကော့တလန်ကလပ်အသင်းများလည်း ပါဝင်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments