မနေ့ညက အန်းဖီးလ်မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမ အကျော့ရဲ့ Big Match မှာ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့ အိမ်ရှင် လီဗာပူး အသင်းကို ၂ – ၅ ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ကာ ၊ ကွာတားဖိုင်နယ်သို့ ခြေတလှမ်း လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။
ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ဟာ လူစုံတက်စုံနဲ့ ပွဲကို ချဉ်းကပ်ခဲ့ပေမယ့် ၊ အိမ်ရှင်ဖက်က ပွဲအစ ၄မိနစ်မှာ suprise သွင်းဂိုးကြောင့် အနောက်ကနေ လိုက်ကစားခဲ့ရပါတယ် ။ ဒီဂိုးကို တိုက်စစ်မှူး ဒါဝင် နူးနက်ဇ်က ရီးရဲလ်မက်ဒရစ် ဂိုးသမား သီဘောက် ကော်တွိုက်စ်ကို အငိုက်ဖမ်းပြီး သွင်းသွားခဲ့ပါတယ် ။

လက်ရှိ ချန်ပီယံတို့ ပုံစံကောင်း မတည်နိုင်ခင်မှာပဲ အဖွင့်ဂိုး ရအပြီး နောက်၁၀မိနစ် အကြာမှာ အိမ်ရှင်တို့ ကော်တွိုက်စ်ရဲ့ လက်ဆောင်ဂိုးနဲ့ ဒုတိယ ဦးဆောင်ဂိုး ရခဲ့ပြန်ပါတယ် ။ ပွဲချိန် ၂၁မိနစ် ရောက်မှ ရီးရဲလ်တို့ ပွဲထဲကို စတင် ဝင်ရောက်နိုင်ခဲ့ပြီး ၊ ဘရာဇီး စတား ဗင်နီးဆီးယပ်စ် ဂျူနီယာရဲ့ လှပတဲ့ ကန်ချက်နဲ့ ချေပဂိုး စရခဲ့ပါတယ် ။
ပွဲချိန် ၃၆မိနစ်မှာ ကော်တွိုက်စ်လိုပဲ လီဗာပူး ဂိုးသမား အယ်လီဆင်ဟာ လက်ဆောင်ဂိုး ပေးခဲ့ပြန်ပါတယ် ။ ဒုတိယပိုင်းမှာတော့ ဧည့်သည် အသင်းက အထကောင်းခဲ့ပြီး ၊ ပွဲပြန်အစ ၂မိနစ်မှာ မီလီတာအိုက မိုဒရစ်ရဲ့ ဖရီးကစ် ဖန်တီးမှုကတော့ ခေါင်းတိုက် သွင်းယူခဲ့ကာ ၊ ပွဲချိန် ၅၅မိနစ်နဲ့ ၆၇မိနစ်တွေမှာ ဘန်ဇီမာက ၂ဂိုး ထပ်သွင်းပေးသွားခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက ပထမပိုင်းမှာ ချေပဂိုး ၂ဂိုး သွင်းခဲ့တဲ့ ဗင်နီးဆီးယပ်စ်ကို အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမား အဖြစ် ခေါင်းစဉ်တပ် ချီးမွမ်းရင်း ၊ comeback ဦးဆောင်ဂိုး ၂ဂိုးမှာ တိုက်ရိုက် ပါဝင် ပတ်သက်ခဲ့တဲ့ မိုဒရစ်ကိုပါ ချီးကျူးပြောဆိုသွားပါတယ် ။
အန်ဆယ်လော့တီ က ” ဒီနေ့ ယခု လက်ရှိ ကျွန်တော့ရဲ့ တဦးတည်းသော အမြင်အရ ဗင်နီဟာ ကမ္ဘာ့ဘောလုံးလောကမှာ အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမား ဖြစ်ပါတယ် ။ သူဟာ အလိမ်အခေါက် ၊ သွင်းဂိုး ၊ ဖန်တီးမှု စတဲ့ အရာတွေမှာ ဘယ်တော့မှ မရပ်တန်သွားပါဘူး ။ ဒါကြောင့်လည်း အဆုံးအဖြတ် အပေးနိုင်ဆုံး ဖြစ်နေရတာပါ ။ ဒီပုံစံအတိုင်း သူ ရှေ့ဆက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ”

” မိုဒရစ်က ကျွန်တော်တို့ ပုံမှန် မြင်နေကျ မိုဒရစ်အတိုင်းပါပဲ ။ ဒီနေ့မှာလည်း သူဟာ ရစ်သမ် ၊ ဘောလုံး ထိန်းသိမ်းပုံ စတဲ့ အခန်းကဏ္ဍတွေမှာ အကောင်းဆုံး ပုံစံ ရခဲ့တယ် ဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ကျဉ်းထဲကြပ်ထဲ အခြေအနေမျိုးတွေမှာဆို သူဟာ ကျွန်တော်တို့ အတွက် ထွက်ပေါက်ရှာစရာ သော့ချက် တခုပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး အန်ဆယ်လော့တီ က ပွဲအစ မိနစ် ၂၀ အတွင်း ၂ဂိုးပြတ် ရှုံးနိမ့်နေမှုကို ၄င်းတို့ ဘယ်လိုပုံစံမျိုးနဲ့ တုန့်ပြန်ခဲ့ကြောင်းကိုလည်း ” ပွဲအစပိုင်းမှာ ကျွန်တော်တို့ အကြီးအကျယ် ခုခံ ရုန်းကန်ခဲ့ရပါတယ် ။ ဒီနေ့ပွဲကို ဒီလို ပုံစံမျိုးနဲ့ စတင်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ပါဘူး ။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ဟာ ပုံမှန်အတိုင်း စိတ်အေးအေးထားပြီး အရည်အသွေး အပြည့်နဲ့ ပွဲအတွင်း ပြန်လာနိုင်ခဲ့ပါတယ် ။ ”

” တိုက်စစ် အတွဲအဖက်က ထိရောက်မှု ရှိခဲ့ပြီး ၊ ဖိအားဒဏ်တွေအောက်က ရုန်းထွက်နိုင်လိုက်တဲ့အခါ ကျွန်တော်တို့ဟာ ပြိုင်ဖက် အပေါ် အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ် ။ ပွဲချိန် ကြာလာတာနဲ့ အမျှ ခံစစ်ကလည်း တိုးတက်မှု ရှိလာခဲ့ပါတယ် ။ ဘယ်ခြမ်း ခံစစ်ကို ပြိုင်ဖက်က အဓိကထား တိုက်ခိုက်ခဲ့တာကို ကျွန်တော်တို့ သတိထားမိပါတယ် ။ ”
” ဒုတိယပိုင်းမှာတော့ ဖိအားဒဏ်က အတော်လေး ကျသွားခဲ့ပြီး ၊ စိတ်ဓာတ်ပိုင်း မြင့်တက်သွားခဲ့သလို ၊ ဗင်နီ ၊ ရိုဒရိုင်ဂိုနဲ့ ကာရင်တို့ကလည်း နိုင်ပွဲ အတွက် အသင့်ဖြစ်နေခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






