လီဗာပူးဂိုးသမားအလီဆင်ဘက်ကာက ဆော်ဒီမြေဆီ ပြောင်းရွှေ့နိုင်မယ့် အခွင့်အလမ်းကို ပယ်ချခဲ့ပြီးနောက် သူ့ရဲ့အန်ဖီးလ်ကစားသမားဘဝကို သက်တမ်းတိုးမြှင့်သွားဖို့ လိုလားနေပါတယ်။
၂၀၁၈ ခုနှစ်၊ နွေရာသီကာလအတွင်း ရိုးမားအသင်းမှ ရောက်ရှိလာတဲ့ အသက်-၃၁ နှစ်အရွယ် ဂိုးသမားက လီဗာပူးအတွက် ပွဲပေါင်း ၂၆၀ ကျော် ပါဝင်ကစားပေးခဲ့ပါတယ်။
နည်းပြဟောင်းယာဂန်ကလော့ပ်လက်အောက် လီဗာပူးအသင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေရဲ့ အုတ်မြစ်တစ်ခုဖြစ်တဲ့ အလီဆင်က လက်ရှိနည်းပြအန်းစလော့နဲ့အတူ ခေတ်သစ်တစ်ခုထူထောင်ရာမှာလည်း တစိတ်တပိုင်းအဖြစ် ပါဝင်ဖို့ ဆန္ဒရှိနေပါတယ်။

လီဗာပူးနဲ့အတူ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသလို နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်လည်း ရှိနေတဲ့ အလီဆင်က “ကျွန်တော့်ရဲ့စာချုပ်သက်တမ်းအပေါ် လေးစားမှုရှိသလို ဒီမှာပဲ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ရှိနေတာမျိုး (သို့မဟုတ်) စာချုပ်သစ်ချုပ်ဆိုတာမျိုး လုပ်သွားချင်ပါတယ်။
ဘာကြောင့် ဒီမှာနေချင်တာလဲဆိုတော့ ကျွန်တော်ကိုယ်တိုင် ဒီကလပ်အသင်းမှာ ပျော်ရွှင်နေလို့ပါ။ ကျွန်တော့်ရဲ့မိသားစုလည်း ပျော်ရွှင်နေကြပါတယ်။
ကျွန်တော် ဘယ်တော့မှထည့်ပြောလေ့မရှိတဲ့အရာကတော့ လစာကိစ္စပါပဲ။ စိတ်ဝင်စားမှုတော့ရှိပေမယ့် အခြားသူတွေ ဆော်ဒီမြေမှာ ရရှိနေတဲ့ ကိန်းဂဏန်းတွေကို ကြားသိလိုက်ရတဲ့ အချိန်မျိုးမှာဆိုရင် စိတ်ကို အနည်းငယ်တော့ စွဲဆောင်မိစေပါတယ်။ ဒါ ပုံမှန်ပါပဲ။
အသင်းမှထွက်ခွာဖို့လည်း ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ပါဘူး။ ဆော်ဒီဘက်က စိတ်ဝင်စားမှုရှိလာချိန်မှာလည်း ကျွန်တော်အနေနဲ့ မစဉ်းစားဘဲ မနေနိုင်ခဲ့ပါဘူး။
ဒါပေမယ့် ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်က ကလပ်အသင်းရဲ့ အခုတကြိမ်အသစ်စတင်မှုအပေါ်မှာ အာရုံစိုက်ထားဖို့ဖြစ်ပြီး တကယ့်ကို စိတ်လှုပ်ရှားနေမိပါတယ်။ ခွန်အားသစ်တွေနဲ့အတူ လန်းဆန်းတက်ကြွစွာ ပြန်လည်စတင်နေပြီဖြစ်ပြီး ကျွန်တော်တို့အတွက် အခုဘောလုံးရာသီမှာ ယူဆောင်နိုင်မယ့်အရာတွေကို မျှော်လင့်စောင့်ဆိုင်းနေပါတယ်။

အပြောင်းအရွှေ့အတွက် ကလပ်အသင်းဘက်က ညှိနှိုင်းဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ ဒါက သီးခြားဆွေးနွေးမှုမျိုး ဖြစ်လာပါလိမ့်မယ်။ အခုနွေရာသီဈေးကွက်မှာတော့ ကျွန်တော်က လီဗာပူးအသင်းမှာရှိနေတဲ့ ကိုယ့်ရဲ့ဘဝနဲ့ အလုပ်ကိုပဲ အာရုံစိုက်ထားခဲ့ပါတယ်”လို့ ပြောပါတယ်။
လီဗာပူးအသင်းဘက်ကလည်း အလီဆင်နေရာမှာ ဆက်ခံသူအဖြစ် ဂျော်ဂျီယာဂိုးသမားမာမာဒါရှီဗီလီကို သတ်မှတ်ထားပုံရပါတယ်။
အခုနွေရာသီ၊ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ မာမာဒါရှီဗီလီကို ခေါ်ယူဖို့ လီဗာပူးအသင်းရဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် မာဆေးဆိုဒ်ကလပ်အသင်းဘက်က အသက်-၂၃ နှစ်အရွယ် ဂိုးသမားကို ဗလန်စီယာဆီ တစ်ရာသီအငှားပြန်ချသွားမယ်လို့လည်း ယူဆရပါတယ်။
Liverpool Echo နဲ့တွေ့ဆုံချိန် အလီဆင်က “ကလပ်အသင်းအနေနဲ့ အနာဂတ်အတွက် ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်လည်း အသက်ကြီးလာမှာဖြစ်လို့ ဒီမှာ အမြဲတမ်းရှိနေနိုင်မှာ မဟုတ်ပါဘူး။
ဂိုးသမားတစ်ဦးအနေနဲ့တော့ ကျွန်တော် ငယ်ရွယ်နေပါသေးတယ်။ ခွန်အားတွေလည်း အများကြီးရှိပါတယ်။ ဒီကလပ်အသင်းအတွက် ပေးဆပ်စရာတွေ အများကြီးကျန်ရှိနေသေးသလို တက်နိုင်သမျှပေးဆပ်သွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။
မာမာဒါရှီဗီလီအကြောင်းကို ဆိုရှယ်မီဒီယာတွေမှာ မပျံ့နှံ့ခင်အချိန်တွေကတည်းက ကျွန်တော် သိထားခဲ့ပြီးဖြစ်လို့ ဒါက ကောင်းမွန်တဲ့စိတ်ကူးတစ်ခုဖြစ်တယ်လို့ ထင်ပါတယ်။ ကလပ်အသင်းဘက်က ကျွန်တော် ဘာတွေတွေးနေသလဲဆိုတာ ဂရုစိုက်နေခဲ့တာဖြစ်လို့ ဒါက ကျွန်တော့်အတွက်တော့ သတင်းကောင်းတစ်ခုပါပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ အစ်ဆွစ်ချ်ကို အဝေးကွင်းမှာ ဝ-၂ ဂိုးဖြင့် အနိုင်ယူပြီးနောက် အန်းစလော့ရဲ့အသင်းက ဒီည၊ အန်ဖီးလ်မှာ ဘရန့်ဖို့ဒ်ကို ဧည့်ခံကစားသွားရပါမယ်။