ပီအက်စ်ဂျီကွင်းလယ်လူ မန်နူရယ်ယူဂါတီကို ပြောင်းရွှေ့ကြေးပေါင် ၅၁ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ ကစားသမားရဲ့ဆေးစစ်မှုအောင်မြင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ရင်ဆိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုနိုင်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။
အသင်းရဲ့ကွင်းလယ်လူ မေဆင်မောင့်က တံကောက်ကြောဒဏ်ရာရရှိပြီး အနားယူရမှာဖြစ်တာကြောင့် မန်နေဂျာအဲရစ်တန်ဟက်အနေနဲ့လည်း ယူဂါတီကိုအစားထိုးထည့်သွင်းလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဥရုဂွေးလက်ရွေစင်ကစားသမားကိုခေါ်ယူနိုင်ဖို့ အသင်းရဲ့နည်းစနစ်ဒါရိုက်တာ ဂျေဆင်ဝယ်လ်ကော့ဇ်ကို ပဲရစ်မြို့သို့စေလွှတ်ပြီးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ကာ အင်္ဂါနေ့မှာပဲ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ယူဂါတီအနေနဲ့လည်း ယူနိုက်တက်သို့ပြောင်းရွှေ့လိုကြောင်း ရှင်းရှင်းလင်းလင်းပြောကြားပြီး ပီအက်စ်ဂျီရဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် ၂ ပွဲမှာ ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ ယခုအခါမှာတော့ ကစားသမားဟာ ယခုနွေရာသီအတွင်း တန်ဟက်ရဲ့ ၅ ယောက်မြောက် ကစားသမားခေါ်ယူမှုဖြစ်လာတော့မှာဖြစ်ပါတယ်။
နွေရာသီအတွင်း ယူနိုက်တက်ရဲ့နောက်တန်းကို အဓိကအင်အားဖြည့်တင်းဖို့ကြိုးစားနေတဲ့ တန်ဟက်ဟာ လိုင်လီနောက်ခံလူ လန်နီယိုရို၊ ဘိုင်ယန်မြူးနစ်နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ကိုခေါ်ယူထားခဲ့ပြီး တိုက်စစ်အတွက်လည်း ဘိုလော့ဂ်နာကြယ်ပွင့် ဂျိုရှူးဝါးဇက်ခ်ဇီကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ စကော့မက်တော်မီနေးကို နာပိုလီသို့ရောင်းချခဲ့တာကြောင့် ကွင်းလယ်ပိုင်းအားနည်းသွားတဲ့ယူနိုက်တက်ဟာ မကြာမီမှာပဲ ယူဂါတီနဲ့အင်အားဖြည့်တင်းနိုင်တော့မှာဖြစ်ပါတယ်။
တော်မီနေးအနေနဲ့ ၂၂ နှစ်ကြာနေထိုင်ခဲ့တဲ့ အသင်းကနေထွက်ခွာခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ဟာ စကော့တလန်သားရဲ့ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၀ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။