Tuesday, October 28, 2025
spot_img
spot_img

လာမည့်ရာသီ၌ အမှတ်ပေးချန်ပီယံဖြစ်လိုလျှင် အပြောင်းအရွှေ့စျေးကွက်တွင် ကြီးကြီးမားမားလှုပ်ရှားမှုများ ပြုလုပ်နိုင်ရမည်ဟု အာတီတာ သုံးသပ်

အာဆင်နယ်အသင်း၏ နည်းပြဖြစ်သူ မီခေးလ်အာတီတာက မိမိတို့အသင်းသည် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရယူလိုပါက ယခုအပြောင်းအရွှေ့စျေးကွက်အတွင်း ကြီးမားသည့် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်မှရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အာတီတာ၏ အာဆင်နယ်အသင်းသည် ပြီးခဲ့သည့် ရာသီက တစ်ရာသီလုံးနီးပါး အမှတ်ပေးဇယားထိပ်ပိုင်း၌ ဦးဆောင်နိုင်ခဲ့သော်လည်း ရာသီကုန်ခါနီးတွင် မန်စီးတီးအသင်း၏ ကျော်တက်ခြင်းခံခဲ့ရပြီး ဒုတိယနေရာတွင်သာ အဆုံးသတ်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင်မူ ကလပ်အသင်းကို ကြီးမားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး အာဆင်နယ်အသင်းသည် ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အားခေါ်ယူရန် အသည်းအသန်ကြိုးပမ်းနေသလို၊ ချယ်လ်ဆီးအသင်း၏ ဂျာမန်လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမား ကိုင်ဟာဗက်ဇ်ကိုလည်း ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သည်။

အာတီတာက “လာမယ့်ရာသီက ပရီးမီးယားလိဂ်သမိုင်းမှာ အခက်ခဲဆုံးရာသီတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲ။ ကျွန်တော် မနှစ်က ရာသီအစတုန်းကလည်း ပြောခဲ့ဖူးပါတယ်။ ကျွန်တော် ပရီးမီးယားလိဂ်ကို (၂၂) နှစ်သားကတည်းက ရောက်လာခဲ့တာဖြစ်ပြီး ဒီလောက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အဆင့်အတန်းမျိုးကို ဘယ်တုန်းကမှ မကြုံဖူးခဲ့ပါဘူး။ အရည်အသွေး အရမ်းမြင့်တယ်။ စုဖွဲ့လုပ်ဆောင်ပုံ အရမ်းမြင့်တယ်။ အရင်းအမြစ်တွေ အရမ်းများတယ်။ နည်းပြကောင်းတွေ အများကြီး ရှိနေတယ်။ ဒီ လောက် အဆင့်အတန်းမြင့်တဲ့ လိဂ်ပြိုင်ပွဲတစ်ခုမှာ ချန်ပီယံဖြစ်ဖို့အတွက်ဆိုရင် အကောင်းဆုံးဆိုတဲ့အရာတွေကို လုပ်နိုင်မှရပါမယ်။ ဒါကြောင့် ကိုယ့်အသင်းကလည်း အတောင့်တင်းဆုံး ဖြစ်နေဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းက လာမယ့်ရာသီမှာ အမှတ်ပေးချန်ပီယံဖြစ်ချင်တယ်ဆိုရင် ဒီနွေရာသီမှာ အကောင်းဆုံးအသင်းတစ်သင်းကို တည်ဆောက်ထားနို်င်ဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီက အမှတ်ပေးချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာရောက်ခဲ့ပြီး မှ ကျရှုံးခဲ့ခြင်းနှင့် ပတ်သက်၍လည်း အာတီတာက “ကျွန်တော် အခုအချိန်အထိ နာကျင်နေရတုန်းပါပဲ။ မန်စီးတီးလို အသင်းမျိိုးနဲ့ (၁၀) လကြာတိုက်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ကျွန်တော်တို့ အမှားများသွားခဲ့လို့ လွဲချော်ခဲ့တဲ့အပေါ် အခုအချိန်အထိ အရမ်းနာကျင်နေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့တဲ့အသင်းနဲ့ နည်းပြက ကမ္ဘာ့အကောင်းဆုံးတွေပါ”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments