Tuesday, November 11, 2025
spot_img
spot_img

လက်ရှိ ချဲလ်ဆီး အသင်း လာမယ့်ရာသီ Top 4 ဝင်ဖို့ ဘာကြောင့် လုံလောက်မှု မရှိသေးလဲ ဆိုတာ သုံးသပ်သွားတဲ့ ဒန်နီ မာဖီ

ပြီးခဲ့တဲ့ ဘောလုံးရာသီ ကလပ် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဆိုးရွားဆုံး ရပ်တည်မှု ဖြစ်တဲ့ အဆင့် ၁၂ နဲ့သာ အဆုံးသတ်နိုင်ခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ လာမယ့်နှစ် ဘောလုံးရာသီမှာတော့ Top 4 ပြန်ဝင်ဖို့ ကျိန်းသေပေါက် အာရုံစိုက်ရမှာ ဖြစ်ပါတယ် ။

ဒီအတွက်လည်း ချဲလ်ဆီးဟာ အခုတည်းက တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုကို ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် စောစောစီးစီး ခန့်အပ်ထားကာ ၊ အသက်ကြီး ကစားသမားတွေကို လျင်လျင်မြန်မြန် ရှင်းထုတ်လျက်ရှိပါတယ် ။

ထိုအထဲမှာ ဝါရင့် ပြင်သစ် ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်တို့လည်း ပါဝင်နေပါတယ် ။ ချဲလ်ဆီးဟာ ထို၂ဦး အပြင် အခြားသော ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ကော်နာ ဂေါ်လဂါ ၊ ရူဘင် လော့ဖ်တပ်စ်ချိခ်တို့ကိုလည်း အလျဉ်းသင့်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် ထုတ်ရောင်းဖို့ စဉ်းစားထားပါတယ် ။

ဒီအတွက်ကြောင့် ဒေါင်ဒေါင်မြည် ကွင်းလယ်လူဆိုလို့ လောလောဆယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ Deadline Day မှာ ဘင်ဖီကာကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်းနဲ့ ခေါ်ယူထားတဲ့ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် တဦးတည်းသာ ကျန်ရှိပါတော့တယ် ။

ကွင်းလယ်အင်အား ဖြည့်တင်းဖို့ ဘရိုက်တန် အသင်းရဲ့ အီကွေဒေါ လက်ရွေးစင် ကြယ်ပွင့် ကွင်းလယ်လူ မွိုက်စ်ဆက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ၊ အနိမ့်ဆုံး ပေါင်သန်း ၈၀ တန်ကြေး ရှိနေတာက ချဲလ်ဆီး အတွက် ကစားသမား အထွက်ကနေ ဝင်ငွေ တချို့ ပြန်ရှာဖို့ကို အဓိက ဦးတည်စေခဲ့ပါတယ် ။

လီဗာပူး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက ခြင်္သေ့ပြာတို့ရဲ့ Deadwood ကစားသမား အများအပြား သုတ်သင်ရှင်းလင်းမှု လုပ်နေခြင်း အပေါ် ထောက်ခံသွားပေမယ့် ၊ ကန်တေ ၊ ကိုဗာဆစ်တို့ မရှိတော့မယ့် လက်ရှိ ချဲလ်ဆီးရဲ့ ကွင်းလယ်အားဟာ Top 4 ပြန်ဝင်ဖို့ အထိ လုံလုံလောက်လောက် တောင့်တင်းမှု ရှိမနေကြောင်း သုံးသပ်သွားပါတယ် ။

မာဖီ က ” ချဲလ်ဆီးဟာ ကစားသမား အမြောက်အမြား ဆုံးရှုံးနေရပါတယ် ။ သူတို့ဟာ ဖောင်းပွနေတဲ့ ကစားသမားစာရင်းကို ဖြတ်ချဖို့ ကြိုးစားနေပါတယ် ။ ဒါကလည်း ပရိသတ် အများစု လိုချင်နေတဲ့ အရာပါပဲ ။ ကန်တေ ၊ ကူလီဘာလီ ၊ အက်ဒွာ့ဒ် မန်ဒီ ၊ ဇီယက်ခ်ျတို့က ဆော်ဒီကို ပြောင်းကြပါမယ် ။ ကိုဗာဆစ်ကလည်း မန်စီးတီးဆီ ပြောင်းပါတော့မယ် ။ ”

” ဒါက မှန်ကန်တဲ့ အရာ တခု လုပ်လိုက်တယ်လို့ ကျွန်တော် ယူဆသော်ငြားလည်း သူတို့ အသင်းရဲ့ ကျောရိုးတိုင်တွေကို ကြည့်လိုက်တဲ့အခါ တချို့လူတွေ ထင်သလောက် သူတို့ဟာ အင်အားတောင့်တင်းမှု ရှိတော့မယ်လို့ ကျွန်တော် မယုံကြည်မိပါဘူး ။ ”

” ချဲလ်ဆီးရဲ့ ကွင်းလယ်နေရာ အတွက် ကျွန်တော် စိုးရိမ်မိပါတယ် ။ သူတို့ဟာ သွင်းဂိုးတွေ ရဖို့ လိုအပ်နေတာ ကျွန်တော် သိပေမယ့် ၊ တိုက်စစ် နေရာမှာက သူတို့အတွက် ရွေးချယ်စရာတွေ ကျန်ပါသေးတယ် ။ ကွင်းလယ်မှာ သူတို့ဟာ ကန်တေ ၊ ကိုဗာဆစ်တို့ကို ဆုံးရှုံးလိုက်ရတာပါ ။ ဒီတော့ သူတို့ ကွင်းလယ်လူသစ်တွေ လိုပါတယ် ။ ”

” သေချာပေါက် ငွေကြေး သုံးစွဲမှု အချို့ ရှိလာနိုင်ပေမယ့် အတွေ့အကြုံရင့် ခေါ်ယူမှုသစ် ၂ခု ၊ ၃ခုလောက် မလုပ်နိုင်ခဲ့ဘူးဆိုရင် လာမယ့် ရာသီ သူတို့ Top 4 ထဲကို ပြန်ခုန်တက်လာမယ်လို့ ကျွန်တော် မမြင်မိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments