Saturday, November 8, 2025
spot_img
spot_img

ရီးယဲလ်မက်ဒရစ်အသင်းတွင် ဘာပေနှင့် တွဲကစားလိုကြောင်း ကစားသမားသစ် ဘယ်လင်ဟမ် ဖွင့်ဟ

ရီးယဲလ်မက်ဒရစ်အသင်း၏ ကစားသမားသစ်ဖြစ်သူ ဘယ်လင်ဟမ်က PSG အသင်း တိုက်စစ်ကစားသမား ဘာပေနှင့် အတူတွဲ ကစားလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ် (၁၉ နှစ်) ၏ မိတ်ဆက်ပွဲ အခမ်းအနားကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပြီး ရီးယဲလ်အသင်းပစ်မှတ်ထားနေသည့် ဘာပေ၊ ဟာရီကိန်းတို့နှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက ယခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် တကယ်ကို မှတ်ချက်မပေးတတ်ပါဘူး။ သူ့ (ဘာပေ) ရဲ့အခြေအနေကို ကျွန်တော် မသိပါဘူး။ တစ်ခုခုဆိုရင် ကိုယ်မြင်နေရသမျှ အားလုံးက အမှန်မဟုတ်ဘူးဆိုတာ ကျွန်တော့်ရဲ့အကြောင်းတစ်ခုလုံးက ပြန်ပြီးသင်ကြားပေးနေတယ်။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ဘာကိုပဲ ရွေးချယ်သည်ဖြစ်စေ သူ့အတွက်အကောင်းဆုံး ဖြစ်မှာပါ။ ကီယန်ဘာပေလိုကစားသမားမျိုး နဲ့ တွဲကစားချင်လားဆိုရင် ဘယ်သူက ငြင်းနေမှာလဲ။ ဟာရီကိန်းရဲ့အကြောင်းလည်း ကောလာဟလတွေ ထွက်နေတာပဲ။ အဲဒီအကြောင်း ကျွန်တော်ပြောလို့မရပါဘူး။ သူက ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက် ဖြစ်သလို ကျွန်တော့်ရဲ့ (အင်္ဂလန်အသင်း) အသင်းခေါင်းဆောင်ပါ။ ကစားသမားတစ်ဦး အနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ ကျွန်တော် သူ့ကို နှစ်သက်ပါတယ်” ဟု ဘယ်လင်ဟမ်က ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ဘယ်လင်ဟမ် အတွက် ဒေါ့မွန်အသင်းအား ကနဦးပြောင်း ရွှေ့ကြေး ယူရို ၁၀၃ သန်းနှင့် Add-ons ကြေး ယူရိုသန်း ၃၀ ပေးချေရမည်ဖြစ်ရာ စုစုပေါင်း ယူရို ၁၃၃ သန်း ကုန်ကျနိုင်ပြီး ယခုနွေရာသီတွင် စာချုပ်ဖျက်သိမ်း၍ လမ်းခွဲခဲ့သည့် တောင်ပံကစားသမား ဟာဇက် (ချယ်လ်ဆီး မှ၊ ၂၀၁၉ ခုနှစ်၊ ယူရို ၁၃၅ သန်း) ပြီးလျှင် အသင်းသမိုင်းတစ်လျှောက် ဒုတိယပြောင်း ရွှေ့ကြေးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။ 

ဘယ်လင်ဟမ်သည် ရီးယဲလ်အသင်းနှင့် ၂၀၂၈ ခုနှစ် အထိ သက်တမ်းရှိသည့် ခြောက်နှစ်စာချုပ် ချုပ်ဆိုထားပြီး ၎င်းငယ်စဉ်ဘဝကတည်းက စံပြကစားသမားဖြစ်သည့် ဇီဒန်းဝတ်ဆင်ခဲ့သော နံပါတ် ၅ ဝတ်ဆင်ကစားမည်ဖြစ်သည်။ ဘယ်လင်ဟမ်မှာ ယခုနွေရာသီတွင် ရီးယဲလ်အသင်း၏ တတိယမြောက် ခေါ်ယူမှုဖြစ်ပြီး လာမည့် တစ်ပတ်အင်္ဂါနေ့တွင် စတုတ္ထမြောက်ကစားသမားသစ်အဖြစ် ၀ါရင့်တိုက်စစ်ကစားသမား ဟိုဆေးလူကို ထပ်မံမိတ်ဆက်မည်ဖြစ်ကြောင်း စပိန်သတင်းဌာနများက ဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments