နယူးကာဆယ်အသင်းဟာ ရာသီကုန်နွေအပြောင်းအရွှေ့မှာ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား စကော့ မက်တွန်မနေးကို ခေါ်ယူသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုလိုက်ပါတယ်။ ငှက်ကျားတွေဟာ စကော့တလန်သားကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။
တွန်မနေးဟာ ဒီနှစ်ရာသီမှာ နည်းပြ အဲရစ် တန်ဟာ့ဂ်လက်အောက်မှာ ကက်စီမီရို၊ ဖရက်ဒ်၊ အဲရစ်ဆင်၊ ဇာဘစ်ဆာတို့ရဲ့နောက်မှာသာ ရှိနေခဲ့ပြီး ပွဲတော်တော်များများမှာ လူစားဝင်ကစားသမားအဖြစ်သာ အသုံးတော်ခံနေရသူ ဖြစ်ပါတယ်။
နည်းပြ အဲရစ် တန်ဟာ့ဂ်အနေနဲ့လည်း မန်ယူအသင်းကို စဉ်ဆက်မပြတ် အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားနိုင်ဖို့အတွက် ရာသီကုန်ကျရင် အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတဦး ထပ်မံခေါ်ယူဖို့ ရှိနေသေးတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ချိန်မှာ တွန်မနေးရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်လာခဲ့တာပါ။

အသက် ၂၆ နှစ်သားဟာ စကော့တလန်လက်ရွေးစင်အသင်းအတွက် ကစားခွင့်ရတဲ့ပွဲတွေမှာတော့ ခြေစွမ်းကောင်းတွေ ပြသနေပြီး မနေ့က ဆိုက်ပရက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ နောက်ကျသွင်းဂိုး ၂ ဂိုး ရယူပေးကာ ၃ ဂိုးပြတ်ဆိုတဲ့ နိုင်ပွဲတပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းဟာ တွန်မနေးရဲ့ အရည်အသွေးတွေကို အထူးသဘောကျနှစ်ခြိုက်နေသူဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်မှာ ဘရူနို ဂီမာရေးစ်နဲ့အတူ တွဲဖက်ကစားစေဖို့ စိတ်ကူးနေပါတယ်။ အဲဒီအတွက် နယူးကာဆယ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလအပြောင်းအရွှေ့ကတည်းက ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်ယူအသင်းနည်းပြ အဲရစ် တန်ဟာ့ဂ်ဟာ လက်ကျန်ရာသီဝက်အတွက် အရန်အင်အား နည်းပါးသွားမှာမျိုး မလိုချင်တာကြောင့် တွန်မနေးကို ရာသီကုန်အထိ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းကတော့ လက်လျှော့ခြင်းမရှိဘဲ ဆက်လက်စောင့်ကြည့်နေခဲ့ပြီး ရာသီကုန်မှာ ထပ်မံကြိုးစားလာနိုင်တာ ဖြစ်ပါတယ်။

ကစားသမားဖြစ်သူကလည်း ပုံမှန်ပွဲထွက်ခွင့်အတွက် အသင်းပြောင်းရွှေ့လာနိုင်ချိန်မှာ နယူးကာဆယ်အသင်းရဲ့ တရားဝင်ကမ်းလှမ်းချက်သာ ရောက်လာခဲ့ရင်တော့ ဒီအပြောင်းအရွှေ့က ဖြစ်နိုင်နိုင်ခြေ များနေပါတယ်။ မန်ယူဟာ ကွင်းလယ်အတွက် ဒီယောင်အပါအဝင် အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေကို ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။






