အယ်လ်နာဆာစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုက ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ပင်နယ်တီလွဲတုန်းက မျက်ရည်ကျခဲ့ခြင်းမှာ လူတွေအပြစ်တင်မှာကြောက်လို့မဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ရော်နယ်ဒိုဟာ အသင်းအတွက် ပွဲတိုင်းလိုလိုမှာပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်လက်ပတ်ကိုလည်းဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဘောလွန်းဒီအော ၅ ဆုရှင်ဟာ ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ယူရိုမှာ ပင်နယ်တီလွဲတုန်းက ဘာကြောင့်ငိုခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ပေါ်တူဂီနဲ့ ဆလိုဗေးနီးယားတို့ယှဉ်ပြိုင်ခဲ့တဲ့ ၁၆ သင်းဆင့်ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း ၀-၀ နဲ့သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ထိုစဉ်က ပေါ်တူဂီရဲ့ပင်နယ်တီကိုပထမဆုံးကန်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုရဲ့ ပင်နယ်တီကန်ချက်ကို ဆလိုဗေးနီးယားဂိုးသမား ဂျန်အိုဘလက်က ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပင်နယ်တီလွဲချော်ပြီးနောက်မှာတော့ ပေါ်တူဂီသားဟာ ငိုကြွေးနေခဲ့ပြီး တစ်ကမ္ဘာလုံးကပရိသတ်တွေကလည်း ပင်နယ်တီလွဲချော်မှုကြောင့် ပြစ်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ယခုအခါမှာတော့ ရော်နယ်ဒိုက “ကျွန်တော်လုပ်ချင်တဲ့ အလုပ်တစ်ခုကိုလုပ်နေရချိန်မှာ ကျွန်တော့်မှာ ဘာစိုးရိမ်စိတ်မှမရှိပါဘူး။ ဥပမာ အဲဒီနေ့က ကျွန်တော်ပင်နယ်တီလွဲခဲ့တုန်းက ငိုကြွေးခဲ့ပါတယ်။ ကျွန်တော်ငိုတာ ကျွန်တော် ပင်နယ်တီလွဲလို့ ပေါ်တူဂီအသင်းပြုတ်မှာ ဒါမှမဟုတ်၊ တကမ္ဘာလုံးက ကျွန်တော်တို့ကိုဝိုင်းအပြစ်တင်မှာ အဲဒါတွေကြောင့် မဟုတ်ပါဘူး။ လူတွေက ကျွန်တော့်အကြောင်းမသိကြပါဘူး။ ကျွန်တော် ပင်နယ်တီ ၂၇ လုံးဆက်တိုက်ဝင်အောင်ကန်ခဲ့ပြီးမှ အခုလိုအရေးကြီးတဲ့ပွဲမှာ လွဲခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်ပြီး ငိုခဲ့တာပါ။ ကွင်းထဲမှာ ကျွန်တော့်ရဲ့ကလေးတွေ၊ အမေနဲ့ ကျွန်တော့်ရဲ့ချစ်သူရှိနေခဲ့ပါတယ်။ အဲဒီအတွက်လည်း ဝမ်းနည်းခဲ့လို့ပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုက “အဲဒီပွဲမှာ ကျွန်တော်ပင်နယ်တီလွဲခဲ့ပေမယ့် ပေါ်တူဂီရှုံးလိမ့်မယ်လို့ လုံးဝမတွေးမိခဲ့ပါဘူး။ ကျွန်တော်ဝမ်းနည်းခဲ့တာက အသက်-၁၁ နှစ်သားအရွယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးခဲ့တဲ့ ဖိအားကြောင့်ပါ။ အဲဒီအရွယ်ကတည်းက ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ‘ခရစ္စတီယာနိုရော်နယ်ဒို မင်းက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပဲ’ လို့ပြောနေခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ပင်နယ်တီလွဲခဲ့တုန်းက ကိုယ့်ကိုယ်ကိုယ်အတွက် ပြီးတော့ မိသားစုနဲ့ ပရိသတ်တွေအတွက် ဝမ်းနည်းခဲ့တာပါ။ အခြားဘာအကြောင်းမှမရှိပါဘူး” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
ယူရိုပြိုင်ပွဲမှာ ရော်နယ်ဒိုဟာ ပြင်သစ်ကို ရှုံးနိမ့်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ပင်နယ်တီအဆုံးအဖြတ်အတွင်း ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ၅-၃ နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ ယခု ယူရိုပြိုင်ပွဲဟာ ရော်နယ်ဒိုရဲ့ကစားသမားဘဝတစ်လျှောက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ယူရိုပြိုင်ပွဲဖြစ်ခဲ့ပါတယ်။