Wednesday, March 4, 2026
spot_img
spot_img

ယူရိုပါလိဂ်ကွာတားဖိုင်နယ် တက်ရောက်ရန်အတွက် တိုးတက်မှုများစွာလိုအပ်သေးကြောင်းနှင့် ဂိုးများအလွယ်တကူပေးနေရခြင်းကို ရပ်တန့်ရန်လိုအပ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

အာဆင်နယ်နည်းပြ အာတီတာက စပို့တင်းလစ္စဘွန်းအသင်းနှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် အသင်း၏ခံစစ်ပိုင်းကို ဝေဖန်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် တက်ရောက်ရန်အတွက် မိမိတို့အသင်းအနေဖြင့် များစွာတိုးတက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

ယူရိုပါလိဂ်ရှုံးထွက် ၁၆ သင်း အဆင့် ပထမအကျော့ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် အဝေးကွင်းတွင် စပို့တင်းလစ္စဘွန်းအသင်းကို (၂-၂) ဂိုးဖြင့် သရေသာ ကစားနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်၌ ပွဲချိန် ၂၂ မိနစ်တွင် သွင်းယူခဲ့သည့် ဆာလီဘာ၏သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ၃၄ မိနစ်နှင့် ၅၅ မိနစ် များတွင် ချေပဂိုးနှင့် ဦးဆောင်ဂိုးများ ပေးခဲ့ရကာ နောက်မှလိုက်ကစားခဲ့ရပြီး ပွဲချိန် ၆၂ မိနစ်တွင် စပို့တင်းလစ္စဘွန်းကွင်းလယ်ကစားသမား မိုရီတာ၏ ကိုယ့်ဂိုးကိုယ်သွင်းယူမှု ကြောင့် ပွဲအပြီးတွင် သရေကျခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်အပြီးတွင် အာတီတာက ယူရိုပါလိဂ် ကွာတားဖိုင်နယ်တက်ရောက်လိုပါက ဂိုးများအလွယ်တကူပေးနေရခြင်းကို ရပ်တန့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

အာတီတာက “ကျွန်တော်တို့အနေနဲ့ နိုင်ပွဲတွေရချင်တယ်ဆိုရင် ခံစစ်ပိုင်းများစွာ တိုးတက်ဖို့လိုပါတယ်။ ဥရောပမှာ အခုလိုမျိုး အလွယ်တကူ ဂိုးတွေပေးနေရမယ်ဆိုရင် ရလဒ်ကောင်းတွေရယူဖို့ အရမ်းကိုခက်ခဲသွားပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲမှာ မဆုံးရှုံးသင့်တဲ့ ဘောလုံးတွေကို အလွယ်တကူဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ခံစစ်စည်းအတွင်းမှာ အခုထက်ပိုပြီး ပြိုင်ဘက်တိုက်စစ်ကို ကာကွယ်နိုင်ဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် အာတီတာက စပို့တင်းလစ္စဘွန်း နှင့်ပွဲတွင် ဒုတိယချေပဂိုး ရရှိခဲ့ခြင်းမှာ ကံကောင်း၍ဟု ပြောရမည်ဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း အခွင့်အရေးအချို့ကို ဖြုန်းတီးပစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဒုတိယဂိုးက ကံကောင်းတယ်လို့ ပြောရမယ်ထင်တယ်။ ဟုတ်ပါတယ်။ အဲဒီဂိုးက ကံကောင်းတာပါ။ ဒါပေမဲ့ မာတင်နယ်လီနဲ့ ဗီယာရာတို့ဟာ အရမ်းကောင်းတဲ့ အခွင့်အရေးတွေ ရရှိခဲ့ကြပေမဲ့ လွဲချော်ခဲ့ကြပါတယ်။ စပို့တင်းလစ္စဘွန်းကတော့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပြီး ကျွန်တော်တို့ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ စပို့တင်းလစ္စဘွန်းကို ကျော်ဖြတ်ချင်တယ်ဆိုရင် ဒီထက်ပိုပြီး များစွာတိုးတက်ဖို့ လိုနေသေးတာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိနေတုန်းပဲ ဆိုတာကိုတော့ ဒီပွဲမှာ ပြသနိုင်ခဲ့ပါတယ်”ဟု အာတီတာက ပြောကြားခဲ့သည်။ 

ထို့ပြင် အာတီတာက အာဆင်နယ်ကဲ့သို့ ထိပ်တန်းအသင်းကြီးတွင် ကစားနေသည့် ကစားသမားများအနေဖြင့် သုံးရက်တစ်ပွဲနှုန်းဖြင့် ကစားရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ အာဆင်နယ်အသင်းသည် ယူရိုပါလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲ စဉ်အဖြစ် မတ်လ ၁၆ ရက်တွင် စပို့တင်းလစ္စ ဘွန်းအသင်းကို အိမ်ကွင်းတွင်လက်ခံကစားရမည် ဖြစ်သည်။ အာဆင်နယ်အသင်းသည် ယူရိုပါလိဂ်ပြိုင်ပွဲတွင် မန်ယူပြီးနောက် ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံးဖြစ်နေသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments