Friday, January 16, 2026
spot_img
spot_img

ယူနိုက်တက်နဲ့စာချုပ်သစ်မချုပ်ဆိုခင် ဘာတွေတောင်းဆိုခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုခင်မှာ ဘာတွေလုပ်ပေးဖို့ တောင်းဆိုခဲ့သလဲဆိုတာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပြီး သဘောတူညီချက်တွေအရ နောက်ထပ်တစ်နှစ်အပိုရွေးချယ်ခွင့်လည်း ပါဝင်ပါတယ်။  ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ၂၀၂၀ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းမှ ယူနိုက်တက်သို့ စတင်ပြောင်းရွှေ့လာခဲ့ပြီး ထိုစဉ်ကတည်းက အခုချိန်အထိ တောက်ပတဲ့ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ရာသီတိုင်းမှာ အသင်းရဲ့ အရေးပါဆုံးကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ 

ယခုအခါမှာ ကစားသမားဟာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခွင့်ရရှိထားပြီး အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့အတူ ကာရာဘောင်နဲ့ အက်ဖ်အေဖလားတွေလည်း ဆွတ်ခူးထားနိုင်ပါတယ်။ ကလပ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖာနန်ဒက်စ်က “ကျွန်တော်က အကောင်းဆုံးအသင်းတွေနဲ့ပဲ ယှဉ်ပြိုင်ချင်တယ်ဆိုတာ ကလပ်ကသိပါတယ်။ ကျွန်တော်တို့ တိုးတက်ဖို့လိုအပ်နေတယ်ဆိုတာလည်း အသင်းကသိပါတယ်။ အခု ကျွန်တော်တို့ တိုးတက်အောင်ပြုလုပ်ထားနိုင်တယ်လို့ထင်ပါတယ်”

“အသင်းနဲ့စာချုပ်သစ်မချုပ်ခင် ကျွန်တော်က ကျွန်တော့်ကို အမှတ်ပေးဖလားရမယ်လို့ ကတိမပေးပါနဲ့၊ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးကတိကို ဘယ်အသင်းကမှမပေးနိုင်လို့ပါ၊ အနည်းဆုံးတော့ ပြိုင်ပွဲမှာယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းဖြစ်နေရင် ကျေနပ်ပါတယ် လို့ပြောခဲ့ပါတယ်။ ပြီးတော့ ကလပ်အတွင်းပိုင်း နေရာလုတိုက်ပွဲတွေကလည်း အသင်းအတွက်အရမ်းအရေးကြီးပါတယ်။ ကွာလတီရှိတဲ့ကစားသမားတွေခေါ်ယူပြီး နေရာအတွက် ယှဉ်ပြိုင်ကြရင် အသင်းကပိုကောင်းလာမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်တို့အပါအဝင် ဥရောပကလပ်အသင်းကြီးတွေသာမက ဆော်ဒီကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုပါရရှိခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပေါ်တူဂီသားက “ကျွန်တော့်ရဲ့ပထဆုံးရွေးချယ်မှုကတော့ အသင်းမှာပဲဆက်နေဖို့ပါ။ ကျွန်တော့်အနေနဲ့ အသင်းကို အခုထိပိုပြီးတိုးတက်နေတာ မြင်ချင်ပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် အခုလည်း အသင်းက တိုးတက်နေပါတယ်။

“ကျွန်တော် ဒီကိုရောက်ခဲ့တာက အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်လာခဲ့တာပါပဲ။ ကျွန်တော့်ရဲ့အိပ်မက်က ပရီးမီးယားလိဂ်မှာ ယူနိုက်တက်အတွက်ကစားပေးဖို့ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်အကြိုက်ဆုံးအသင်းက ယူနိုက်တက်ပါ။ အခုတော့ ယူနိုက်တက်မှာကစားနိုင်ပါပြီ။ မယုံနိုင်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

စာချုပ်သစ်ချုပ်ဆိုခြင်းနဲ့အတူ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ကွင်းလယ်မှာ အရေးပါဆုံးကစားသမားအဖြစ် ဆက်လက်ကစားသွားမှာဖြစ်ပြီး သူ့ရဲ့ဦးဆောင်မှုတွေကလည်း စွမ်းဆောင်ရည်တွေနဲ့အတူ ယူနိုက်အတွက်အရေးပါလာဦးမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာတော့ ဘရိုက်တန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments