Thursday, March 12, 2026
spot_img
spot_img

ယာဂန်ကလော့ပ်ကို တာဝန်ပေးအပ်ဖို့ ဘယ်လောက်လွယ်ကူခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ Red Bull အကြီးအကဲ

လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်က Red Bull အုပ်စုရဲ့ သူ့အတွက်ဘဏ္ဍာရေးဆိုင်ရာကမ်းလှမ်းချက်ကို ကြားသိလိုက်ရချိန်မှာပဲ စက္ကန့် ၂၀ အတွင်း သူရဲ့အလုပ်တာဝန်သစ်ကို ရယူသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ကလော့ပ်က လွန်ခဲ့တဲ့နွေရာသီကာလမှာ လီဗာပူးနည်းပြတာဝန်မှနုတ်ထွက်ပြီး ဘောလုံးလောကကို ကျောခိုင်းထွက်ခွာသွားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် အောက်တိုဘာလဆန်းပိုင်းမှာပဲ Red Bull အုပ်စုရဲ့ Head of Global Football တာဝန်ကို ရယူသွားဖို့ စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အားဖြည့်အချိုရည်ကုမ္ပဏီက ဂျာမန်ကလပ် လိုက်ပ်ဇစ်၊ သြစတီးယားကလပ် ဆဲလ်ဘတ်နဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဒ်ဘူးတို့ရဲ့ပိုင်ရှင်လည်း ဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကြီးက ဇန်နဝါရီလမှာ သူ့ရဲ့တာဝန်သစ်ကို စတင်ထမ်းဆောင်သွားပါလိမ့်မယ်။

ကလော့ပ်ရဲ့အခုလိုဆုံးဖြတ်ချက်က ပရိသတ်တွေအကြား၊ သူ့ရဲ့ကစားသမားဟောင်းတွေအကြား အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပေမယ့် ဒေါ့မွန်နည်းပြဟောင်းကတော့ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောဆိုခဲ့ပါတယ်။ သတင်းတွေအရ အသက်-၅၇ နှစ်အရွယ်နည်းပြဟောင်းဟာ သူ့ရဲ့ရာထူးသစ်မှာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၀ သန်း/ယူရို ၁၂ သန်းဝန်းကျင် ရရှိလိမ့်မယ်လို့ သိရပြီး ဒီအချက်ကပဲ ကလော့ပ်အတွက် ရာထူးသစ်မှာတာဝန်ယူဖို့ဆုံးဖြတ်ရန် အချိန်အနည်းငယ်သာယူခဲ့ရစေတယ်လို့ Red Bull အုပ်စု CEO အိုလီဗာမင့်ဇ်လက်ပ်က ရှင်းပြခဲ့ပါတယ်။

Red Bull boss reveals how easy it was to hand over job to Jurgen Klopp

Welt TV နဲ့ဆွေးနွေးခန်းအစီအစဉ်မှာ မင့်ဇ်လက်ပ်က “ လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ကျွန်တော်က ဘောလုံးလောကအတွင်း ညှိနှိုင်းမှုတွေ၊ သဘောတူညီမှုရရှိဖို့ ပုံဖော်ပေးရမှုတွေ လုပ်ဆောင်ခဲ့ပြီး ဘောလုံးလောကရဲ့ညှိနှိုင်းဆွေးနွေးမှုများစွာမှာ ပါဝင်ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော်တို့ဘက်က မယုံကြည်နိုင်လောက်စရာလစာနှုန်းထားပမာဏမျိုးနဲ့ ကမ်းလှမ်းခဲ့လို့ ပြောရမယ်ဆိုရင် ယာဂန်ကလော့ပ်ရဲ့ သဘောတူညီမှုရရှိဖို့ဆိုတာ အရမ်းလွယ်ကူခဲ့ပါတယ်။ ကလော့ပ်ကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့တာကြောင့် လစာကိစ္စအတွက် ကျွန်တော်တို့တွေ စက္ကန့် ၂၀ လောက်ပဲ အချိန်ယူပြောဆိုခဲ့ရပါတယ်။ သူနဲ့ သူ့အေးဂျင့်တို့က ညှိနှိုင်းမှုအရာမှာ အရမ်းညံ့ဖျင်းတယ်လို့ တွေးမိသွားနိုင်တာကြောင့် အခုအချိန်မှာ ကလော့ပ်က ဒီလိုစကားမျိုးကို ကြားချင်မှာ မဟုတ်ပါဘူး။ တကယ်တော့ အဲ့ဒီလိုမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေက စက္ကန့် ၂၀ လောက်ပဲ ဆွေးနွေးခဲ့ရတာပါ။ နှစ်ပေါင်း ၂၀ လုပ်သက်အတွေ့အကြုံတွေအရ ဒီတစ်ခေါက်ဆွေးနွေးမှုမှာ သဘောတူညီမှုရရှိဖို့က အလွယ်ကူဆုံးအရာတွေအနက် တစ်ခု ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး မင့်ဇ်လက်ပ်က လွန်ခဲ့တဲ့နှစ်နှစ်ကတည်းကပင် ယာဂန်ကလော့ပ်ဆီ ဆက်သွယ်ခဲ့ပြီး ထင်ရှားတဲ့နည်းပြတစ်ဦးနဲ့ လက်တွဲအလုပ်လုပ်ရမယ့်အတွေ့အကြုံအပေါ် စိတ်လှုပ်ရှားနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ကလော့ပ်က ရာထူးသစ်မှာ လိုက်ပ်ဇစ်၊ နယူးယော့ခ်ရက်ဒ်ဘူး၊ ဘရာဇီးကလပ် ဘရာဂန်တီနိုနဲ့ ဂျပန်ကလပ် အိုမီယာအာဒီဂျာတို့အတွက် အဓိကအာရုံစိုက်ပေးရပါလိမ့်မယ်။ Red Bull လောကသားဘ၀ ယာဂန်ကလော့ပ်ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments