ယခုနွေရာသီအပြောင်းအရွှေ့ကာလ၌ ဆော်ဒီပရိုလိဂ်၏အသုံးစရိတ်သည် စုစုပေါင်း ယူရို ၇၇၅ သန်းရှိလာပြီး ငွေသုံးစွဲမှု အများဆုံးလိဂ်စာရင်းတွင် ဒုတိယနေရာ ရောက်ရှိလာကြောင်း သိရသည်။
သြဂုတ်လ ၂၂ ရက်က ပေါ်တိုအသင်းမှ ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား အော်တာဗီယိုကို အယ်လ်နာဆာအသင်းက ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူပြီးနောက် ယင်းပမာဏသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ်သည် ယခုနွေရာသီကာလအတွင်း ကစားသမား ၂၁၈ ဦးခေါ်ယူမှုအတွက် ယူရို ၇၇၄ ဒသမ ၅၉ သန်း သုံးစွဲခဲ့သည်။ ဆော်ဒီကလပ်များမှ ကစားသမား ၁၈၂ ဦး မိခင်ကလပ်အသင်းကို စွန့်ခွာခဲ့ကြပြီး ယင်းအပြောင်းအရွှေ့များမှ ပြန်လည်ရရှိငွေမှာ ယူရို ၂၇ ဒသမ ၂၃ သန်းသာရှိခဲ့သည်။

ထို့ကြောင့် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ အသားတင်အသုံးစရိတ်မှာ ယူရို ၇၄၇ ဒသမ ၃၆ သန်းအထိ ရှိနေကြောင်း သိရသည်။ ဆော်ဒီကလပ်များထဲတွင် အပြောင်းအရွှေ့အသုံးစရိတ် အများဆုံးအဖြစ် အယ်လ်ဟီလာအသင်းက ယူရို ၃၅၃ ဒသမ ၁၀ သန်းသုံးစွဲကာ ထိပ်ဆုံး၌ ရပ်တည်နေပြီး အယ်လ်အာလီအသင်းက ယူရို ၁၄၃ ဒသမ ၂ သန်း၊ အယ်လ်နာဆာအသင်းက ယူရို ၁၃၇ ဒသမ ၆ သန်း၊ အယ်လ်အစ်တီဟတ်အသင်းက ယူရို ၇၅ ဒသမ ၈ သန်း၊ အယ်လ်ရှာဘတ်အသင်းက ယူရို ၁၉ ဒသမ ၈ သန်း၊ အယ်လ်အစ်တီဖာအသင်းက ယူရို ၁၉ သန်း သုံးစွဲထားသည်။






