Friday, January 16, 2026
spot_img
spot_img

မြန်မာ ယူ-၁၉အသင်း ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် မ

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF) က စီစဉ်ကျင်းပသည့် ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ(International U-19 Football Tournament)ကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုနောက်ဆုံးပွဲအဖြစ် ယနေ့ (အင်္ဂါ နေ့) တွင် မလေးရှား ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အုပ်စုနောက်ဆုံးပွဲများအဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာ ယူ-၁၉ အသင်းနှင့် မလေးရှား ယူ-၁၉ အသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် အိမ်ရှင်ဗီယက်နမ် ယူ-၁၉ အသင်းနှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF)သည် ယခုပြိုင်ပွဲကို ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ မြန်မာ ယူ-၁၉ အသင်းလေးသင်းဖြင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားစေပြီး ထိပ်ဆုံးရပ်တည်နိုင်သည့် နှစ်သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် ၃-၄ နေရာ ရပ်တည်နိုင်သည့် နှစ်သင်းမှာ တတိယနေရာလုပွဲ ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သြဂုတ် ၅ ရက်က ကစားခဲ့သည့် အုပ်စုပထမနေ့တွင် အိမ်ရှင်ဗီယက်နမ်အသင်းက မြန်မာအသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ထိုင်းအသင်းမှာမူ မလေးရှားအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။

သြဂုတ် ၇ ရက်က ကစားခဲ့သည့် အုပ်စုဒုတိယနေ့တွင် ဗီယက်နမ်အသင်းက မလေးရှားအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သလို ထိုင်းအသင်းမှာလည်း မြန်မာအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အိမ်ရှင်ဗီယက်နမ်အသင်းမှာ နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်ပြီး အုပ်စုဒုတိယနေရာအတွက် ထိုင်းအသင်း နှင့် မလေးရှားအသင်းတို့ အပြိုင်လုရမည်ဖြစ်သည်။

မြန်မာအသင်းမှာမူ နှစ်ပွဲဆက်အရှုံးကြောင့် တတိယနေရာလုပွဲသာ ကစားရတော့မည်ဖြစ်သည်။

ဗီယက်နမ်ဘောလုံးအဖွဲ့ချုပ်(VFF)သည် တတိယနေရာလုပွဲကို သြဂုတ် ၁၁ ရက် မြန်မာစံတော်ချိန်ညနေ ၃ နာရီတွင်လည်းကောင်း၊ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင်လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင်လအတွင်း ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်အသင်းကို အခြေခံကာ ကစားသမားသစ်အချို့ဖြင့် ပေါင်းစပ်ဖွဲ့ စည်း၍ ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအပြီးတွင် ရက်ပိုင်းသာ အနားယူပြီး ပြန်လည်လေ့ကျင့်ကာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီ ပြည်တွင်းခြေစမ်းပွဲတစ်ပွဲသာ ယှဉ်ပြိုင်ကစားခဲ့သည်။

မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက တာဝန်ယူကိုင်တွယ်နေပြီး အာဆီယံပြိုင်ပွဲအပြီးတွင် ကစားသမားသစ်အချို့ အားဖြည့်ရွေးချယ်ကာ ဗီယက်နမ်ဖိတ်ခေါ်ပြိုင်ပွဲအတွက် ကစားသမား၂၅ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments