Monday, November 10, 2025
spot_img
spot_img

မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်း ကျယ်လောင်စွာ ထွက်နေတဲ့ မေဆင်မောင့်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ကြတဲ့ ချဲလ်ဆီး စတား ၂ဦး

ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ မေဆင်မောင့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရခဲ့ပြီး ၊ အခုအခါမှာ ၂ဖက်အသင်းရဲ့ ပြောင်းရွှေ့ကြေး ကိစ္စ တရားဝင် ဆွေးနွေးမှုကို စောင့်ဆိုင်းလျက်ရှိပါတယ် ။

မောင့်ဟာ မနေ့ကတော့ အားလပ်ရက် ကျော်ဖြတ်တဲ့ အနေနဲ့ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ စပိန် ဖော်မြူလာဝမ်း ဂရင်းပရီပွဲသို့ တက်ရောက် အားပေးခဲ့ပါတယ် ။ ယင်းပွဲသို့ မောင့်အပြင် အခြား ချဲလ်ဆီး အသင်းသားတွေ ဖြစ်ကြတဲ့ ဘန်ချေဝဲလ် ၊ ရိစ်ဂျိမ်းစ် ၊ ဂျိုဝေါင် ဖဲလစ်တို့လည်း ကြည့်ရှုခဲ့ကြပါတယ် ။

ကော့ဘ်ဟမ် အကယ်ဒမီမှာကတည်းက မောင့်နဲ့ အတူ နှစ်ရှည်များစွာ အတူတူ တွဲကစားလာတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်က ယင်းအင်္ဂလန်ကွင်းလယ်လူရဲ့ အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်ပြီး Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ” ဟုတ်ပါတယ် ။ သူသာ အသင်းပြောင်းသွားရင်တော့ ကလပ်က လူတိုင်း ဝမ်းနည်းကြပါလိမ့်မယ် ။ ” လို့ မှတ်ချက်ပေးခဲ့ပါတယ် ။

ချဲလ်ဆီးမှာ မောင့်နဲ့ အနီးစပ်ဆုံး သူငယ်ချင်းလို့ ဆိုရမယ့် အင်္ဂလန် ဘယ်နောက်ခံလူ ဘန်ချေဝဲလ်ကတော့ ယင်းအပြောင်းအရွှေ့ သတင်း အကြောင်း မရှင်းမလင်း တုန့်ပြန်တဲ့ အနေနဲ့ ” ဒါက ကျွန်တော်နဲ့ ပုဂ္ဂိုလ်ရေး အရ ဘာမှမသက်ဆိုင်တဲ့ ကိစ္စ ဖြစ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ဒီမှာပဲ ဆက်နေစေချင်ပါတယ် ။ ”

” သူဟာ ကျွန်တော့ရဲ့ အခင်မင်ဆုံး မိတ်ဆွေ ဖြစ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင်က သူ့ကို ဆက်နေစေလိုပေမယ့် ၊ ဒါက ကျွန်တော့ အလုပ် မဟုတ်ပါဘူး ။ ဒီအပေါ် ကျွန်တော် တကယ်ကို ဘာမှတ်ချက်မှ ပေးမနိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ရာသီကို ကလပ် ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဆိုးရွားဆုံး အဆင့် ရပ်တည်မှုနဲ့ အဆုံးသတ်ခဲ့ပြီးနောက် ချဲလ်ဆီးဟာ ကြီးကြီးမားမား အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေပြီး ၊ ပထမဆုံး အနေနဲ့ ဖောင်းပွနေတဲ့ ကစားသမား အင်အားကို လျှော့ချနိုင်ဖို့ အဓိက လုပ်ဆောင်နေပါတယ် ။

မကြာသေးခင်ကမှ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ ပိုချက်တီနိုဟာလည်း လန်ဒန်က ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာမှာ တရားဝင် အလုပ်မလုပ်ရသေးတာလွဲရင် ၊ လာမယ့် ရာသီ သူ ကိုင်တွယ်မယ့် အသင်း အတွက် အဝေးကနေ လမ်းညွှန်မှုတွေ တောက်လျှောက် လုပ်နေကာ ၊ ဇူလိုင်လအစမှာ ရာသီကြို ပြင်ဆင်မှုတွေကို စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ် ။

ပိုချက်တီနိုနဲ့ ပတ်သက်ပြီး ရိစ်ဂျိမ်းစ် က ” ဟုတ်ပါတယ် ။ လူတိုင်းက သူဟာ ကြီးကျယ်တဲ့ မန်နေဂျာ တယောက် ဖြစ်တယ်လို့ ပြောကြပါတယ် ။ လာမယ့် ဘောလုံးရာသီမှာ ကျွန်တော်တို့ လျင်လျင်မြန်မြန်ပဲ ခြေပြန်တွေ့ဖို့ မျှော်လင့်ပါတယ် ။ ကျွန်တော်တို့ဟာ အင်အားတောင့်တင်းတဲ့ အသင်းကောင်း တသင်း ဖြစ်ပါတယ် ။ ”

” ဒါဟာ ခက်ခဲတဲ့ နှစ်တနှစ် ဖြစ်ပြီး ၊ တလျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ် ။ ဒီတော့ အကောင်းဆုံး အဆင့်မှာ အဆုံးသတ် ရပ်တည်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး ။ နောက်နှစ်မှာတော့ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments