မန်ယူအသင်း၏ ရှေ့တန်းတိုက်စစ်မြှားဦးနေရာတွင် ကစားနေသော ဒတ်ချ်တိုက်စစ်မှူး ဝက်ဟော့်စ်၏ ခြေစွမ်းကို ရစ်ချက်ကီးစ်က ဝေဖန်လိုက်ပြီး ဝက်ဟော့စ်သည် ပွဲထွက်နေရာနှင့် မထိုက်တန်ကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဝက်ဟော့စ်သည် မန်ယူက လက်စတာကို ၃-၀ ဖြင့်အနိုင်ရရှိသည့်ပွဲတွင် ရှေ့တန်းတိုက်စစ်မြှားဦးနေရာတွင် မကစားပဲ နောက်သို့အနည်းငယ်ဆင်း၍ ကစားခဲ့သည်။ ဝက်ဟော့စ်သည် မန်ယူသို့ ကာလတိုအငှားဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ ဇန်နဝါရီတွင် ဝက်ဟော့စ်မန်ယူတွင်စတင်ပါဝင်ကစားပြီးနောက်တွင် မန်ယူသည် ၉ ပွဲကစားရာတွင် ၆ ပွဲနိုင်ပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်။ ကီးစ်က ဝက်ဟော့စ်သည် မန်ယူတွင် အကျိုးထက်အားနည်းချက်ပို၍ ဖြစ်ပေါ်စေသော ကစားသမားမျိုးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အသက် ၃၀ နှစ်အရွယ်ရှိ ဝက်ဟော့စ်ပါဝင်လာလျှင် မန်ယူသည် ပြိုင်ဘက်ကို လူတစ်ယောက်အသာပေး၍ ၁၀ ယောက်တည်းဖြင့်ကစားနေသကဲ့သို့ ရှိနေကြောင်း ကီးစ်က သုံးသပ်ပြောဆိုလိုက်သည်။ “မန်ယူက အပတ်စဉ် ၁၀ ယောက်တည်းနဲ့ ကစားသလို ဖြစ်နေတယ်။ သူက ပွဲထွက်ကစားသမားနေရာတစ်နေရာ ရသင့်တယ်လို့ သက်သေ မပြနိုင်ဘူးဖြစ်နေတယ်လေ။ အမှန်အတိုင်းပြောလိုက်ကြရအောင်”ဟု ကီးစ်က ပြောဆိုလိုက်ခြင်းဖြစ်သည်။







