တိုက်စစ်မှူး အာလင် ဟာလန်း ၏ အေးဂျင့် Rafaela Pimenta က မန်စီးတီးကနေ ဟာလန်း ထွက်ခွာမည်ဆိုလျှင် နောက်ထပ်အပြောင်းအရွှေ့အတွက် အမြဲတမ်းစီစဉ်နေကြောင်း ကလပ်အသင်းများသို့ ဖွင့်ဟပြောကြားလိုက်သည်ဟု သိရသည်။
အသက် ၂၂ နှစ်ရှိ ဟာလန်း သည် မန်စီးတီးသို့ ရောက်ရှိသည်မှာ ရှစ်လသာရှိသော်လည်း သူ၏အေးဂျင့်က တိုက်စစ်မှူး၏နောက်ထပ်အပြောင်းအရွှေ့ကို စီစဉ်နေပုံရသည်။ ဟာလန်း ၏ အေးဂျင့် Rafaela Pimenta သည် ဟာလန်း ၏ အလုပ်အကိုင်လမ်းကြောင်း အစီအစဉ် အကြောင်းကို မကြာခဏ ပြောဆို ထားပြီး တိုက်စစ်မှူး ကိုယ်တိုင်လည်း ၎င်း၏ ကစားသမား ဘဝ တစ်လျှောက် အခြား လိဂ်များတွင် ကစားရန် ရည်မှန်းချက် ရှိကြောင်း ပြောဆိုခဲ့ဖူးသည်။

ယခုအခါတွင် Pimenta သည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်း ၂၀၂၇ ခုနှစ်အထိရှိနေသော Haaland အတွက် အနာဂတ်အပြောင်းအရွှေ့အတွက် အလားအလာရှိသောကလပ်အသင်းများနှင့် စကားပြောဆိုထားပြီးဖြစ်သည်- လက်ရှိကလပ်မှထွက်ခွာသည်ဖြစ်စေ မထွက်ခွာသည်ဖြစ်စေ ၎င်း၏ကစားသမားများအားလုံးအတွက် သူမက လုပ်ဆောင်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Financial Times Business of Football Summit တွင် ပြောကြားရာတွင် Pimenta က “ကျွန်မရဲ့အေဂျင်စီမှာ အစီအစဉ်တစ်ခုလုပ်ဖို့ ကြိုးစားနေပါတယ်။ အစီအစဉ်တစ်ခုလုပ်ရမယ်။ ပန်းတိုင်ရှိဖို့ လိုတယ်။ ဘယ်ကိုသွားမယ်ဆိုတာ မသိရင် အဲဒီကို မရောက်တာ သေချာပါတယ်။”
“ကျွန်မတို့ အဲဒီကို ဘယ်လိုမှ မရောက်ဖြစ်နိုင်ခဲ့ရင်တောင် အနည်းဆုံးတော့ ကျွန်မတို့ ကြိုးစားခဲ့တယ်။ အသက် ၁၅ နှစ်ရှိရင်ကိုပဲ အစီအစဉ်တွေ ပြုလုပ်ပေးပါတယ်။ ကျွန်မတို့ထိုင်ပြီးစောင့်နေလို့မရဘူး၊ ဟာလန်း ဆို အရမ်းမိုက်တယ်၊ သူတို့ကျွန်မဆီ ဖုန်းခေါ်ကြပါလိမ့်မယ်”

“အပြောင်းအရွှေ့ဈေးကွက် ပြီးဆုံးတဲ့နေ့ဟာ ကစားသမားတွေအကြောင်း ဆွေးနွေးဖို့၊ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ကြည့်ဖို့သိဖို့ရာ ကျွန်မအနေနဲ့ ကလပ်အသင်းတွေဆီ စတင်သွားရောက်လည်ပတ်တဲ့နေ့ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလက ကလပ်အသင်းတွေကို လေးကြိမ်လောက် ရောက်ခဲ့ပါတယ်။”
“မတူညီတဲ့ အသင်းတွေအများကြီးရှိပါတယ်၊ ဘယ်သူက အနားယူမှာလဲ၊ ဘယ်သူက အသက်ကြီးနေပြီလဲ၊ ဘယ်သူက ဒဏ်ရာရလဲ၊ ဘယ်သူက ညံ့နေလဲ ဆိုတာ လေ့လာနေလို့ရပါတယ်။ စစ်တုရင်ကစားနည်းတစ်ခုလိုပါပဲ၊ နောက်လာမယ့် အပြောင်းအရွှေ့ကို ခန့်မှန်းဖို့ ကြိုးစားကြည့်ပေါ့။”
Pimenta က နွေရာသီတွင် အခြားသော ပြိုင်ဘက်များထက် မန်စီးတီးကို ရွေးချယ်ဖြစ်ခဲ့သည့် ဟာလန်း ၏ ဆုံးဖြတ်ချက်ကိုလည်း ဖွင့်ဟခဲ့ပြီး မိသားစုဆက်နွှယ်မှုနှင့် ဂွါဒီယိုလာနှင့် လက်တွဲရန် အခွင့်အလမ်းတို့က အဓိကအချက်များ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။
သူမက “ဟာလန်း က မန်စီးတီးကို သွားခဲ့တာဆိုတော့ မင်းက သူ့ကို မေးလိုက်ရမှာ၊ ဒါပေမယ့် ငါ့အမြင်ကတော့ မန်စီးတီးနဲ့ ဒီမိသားစုရဲ့ သမိုင်းကြောင်းတွေ ရှိနေလို့ပါပဲ။ စီးတီးဂျာစီဝတ်ထားတဲ့ ဟာလန်း ရဲ့ ကလေးပုံတွေကို မင်းမြင်တာပဲ။ ဒါကြောင့် သူ့အဖေ ကြုံတွေ့ခဲ့ရတာတွေကို သူ တွေ့ကြုံချင်နေတာ သဘာဝပဲလို့ ကျွန်မထင်ပါတယ်။ ပြီးတော့လည်း အပေါ်မှာပြောခဲ့သလိုပဲ ဂွါဒီယိုလာနဲ့ သူအတူရှိချင်တဲ့အချက်ကလည်း အများကြီးပါပါတယ်။” ဟု သူမက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။






