Saturday, September 13, 2025
spot_img
spot_img

မန်စီးတီးမှဝန်ထမ်းတွေကို ပေါင် ၁ သောင်းစီဘောနပ်စ်ပေးခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာကက ကလပ်ရဲ့စီနီယာအသင်းမှ ဝန်ထမ်းတွေကို ပေါင် ၁ သောင်းစီဘောနပ်စ်ပေးခဲ့တယ်လို့သိရပါတယ်။ 

အကြာသေးမီနှစ်တွေက အင်္ဂလန်မှာသာမက ဥရောပတစ်ခွင်မှာပါ မန်စီးတီးဟာ အောင်မြင်မှုတွေဆက်တိုက်ရယူထားနိုင်တာကြောင့် ဂွါဒီယိုလာအနေနဲ့ အသင်းအတွက် တစ်စိတ်တစ်ပိုင်းအကူအညီပေးခဲ့ကြတဲ့ ဝန်ထမ်းတွေကို အခုလိုဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ 

The Times ရဲ့ဖော်ပြချက်အရ မန်စီးတီးစီနီယာအသင်းမှ စားဖိုမှူးများ၊ ဧည့်ကြိုများ၊ ဆရာဝန်များ၊ လုံခြုံရေးများအပါအဝင် ဝန်ထမ်းစုစုပေါင်း ၇၀ လောက်က ပေါင် ၁ သောင်းဘောနပ်စ်ကို ချီးမြှင့်ခံခဲ့ရတယ်လို့သိရပါတယ်။ 

ဂါဒီယိုလာဟာ မန်စီးတီးမှာနေထိုင်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်းမှာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအကြား စည်းလုံးညီညွတ်မှုရရှိအောင် ပုံဖော်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ဘောနပ်စ်တွေအပြင် မန်စီးတီးကစားသမားတွေကလည်း ရာသီအကုန်တိုင်းမှာ ဝန်ထမ်းတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲပြုလုပ်ကြတယ်လို့သိရပါတယ်။ 

ယခင်ကလည်း စပိန်သားဟာ အသင်းမှာ အပြုသဘောဆောင်ပြီး နွေးထွေးတဲ့ပတ်ဝန်းကျင်ရှိတာက အောင်မြင်မှုအတွက် အရေးပါတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ၅ ကြိမ်ဆက်တိုက်ဆွတ်ခူးဖို့ ကြိုးစားနေတဲ့မန်စီးတီးဟာ ဥရောပတစ်ဝှမ်းမှာတော့ အကြိမ်ရေအများဆုံး အမှတ်ပေးဖလားကို ဆက်တိုက်ဆွတ်ခူးနိုင်တဲ့အသင်းဖြစ်ဖို့ ခက်ခက်ခဲခဲကြိုးစားရဦးမှာဖြစ်ပါတယ်။ လက်ရှိ ဥရောပထိပ်သီးလိဂ်တွေမှာ အမှတ်ပေးဖလားကို အကြိမ်ရေအများဆုံး ဆက်တိုက်ဆွတ်ခူးထားနိုင်တဲ့အသင်းက ဘိုင်ယန်မြူးနစ်ဖြစ်ပြီး ဂျာမန်ကလပ်ဟာ ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၁ နှစ်ဆက်တိုက်အောင်မြင်မှုရထားတာဖြစ်ပါတယ်။ 

လက်ရှိ ၂၀၂၄-၂၅ ရာသီမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံးကိုအနိုင်ယူပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်တဲ့ မန်စီးတီးဟာ လာမယ့်စနေနေ့မှာတော့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments