Friday, March 13, 2026
spot_img
spot_img

မက်ဆီ၏အနာဂတ်အကြောင်းအပါအဝင် သတင်းအမှားသုံးခုအတွက် ဖခင်ဖြစ်သူ ဒေါသတကြီး ငြင်းဆန်

မက်ဆီ၏ဖခင်ဖြစ်သူ ဟော်ဟဲမက်ဆီက သားဖြစ်သူ မက်ဆီ၏ အနာဂတ်အကြောင်းအပါအဝင် သတင်းအမှားသုံးခုအတွက် Instagram မှတစ်ဆင့် ဒေါသတကြီးငြင်းဆန်ဖြေရှင်းခဲ့ကြောင်း သိရသည်။

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီ (၃၅ နှစ်) နှင့် PSG အသင်း၏စာချုပ်မှာ နောက်ဆုံးနှစ်သို့ရောက်ရှိနေပြီဖြစ်ပြီး သုံးလသာ ကျန်ရှိတော့သည်။

PSG အသင်းအနေဖြင့် စာချုပ်အား တစ်နှစ်ထပ်မံတိုးမြှင့်နိုင်သော်လည်း စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုမရသေးသဖြင့် ၎င်း၏ အနာဂတ်သတင်းများ ကျယ်ပြန့်စွာထွက်ပေါ်လျက်ရှိသည်။

ထို့ပြင် မက်ဆီသည် ပြီးခဲ့သည့် အင်္ဂါနေ့က နည်းပြဖြစ်သူ ဂယ်လ်ချီနှင့် ပြဿနာဖြစ်ပွားပြီးနောက် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားသလို ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကလည်း စံချိန်တင်လစာဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

သို့ဖြစ်ရာ မက်ဆီ၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူက ”လီယိုက ဂယ်လ်ချီနဲ့ပြဿနာဖြစ်ပြီးတော့ အင်္ဂါနေ့မှာ လေ့ကျင့်ရေးကွင်းက ထွက်ခွာသွားတာ၊ စာချုပ်သစ်ချုပ်ဆိုမယ့်အခြေအနေကို PSG အသင်းက ပွင့်ပွင့်လင်းလင်း လက်ခံမှုမရှိသေးတာ၊ မက်ဆီက အယ်လ်ဟီလာအသင်းဆီကနေ လစာ ယူရိုသန်း ၆၀၀ တောင်းဆိုထားတာ။ အဲဒါတွေက သတင်းအမှားတွေပါ။ သူတို့တွေကို မယုံပါနဲ့။ လိမ်ညာမှုတွေကို ကျွန်တော်တို့ လက်ခံမှာမဟုတ်ပါဘူး။ ဘယ်လောက်ကြာကြာ လိမ်နေဦးမှာလဲ။ စစ်ဆေးမှုတွေက ဘယ်မှာလဲ။ အားလုံးက အမှားတွေချည်းပဲ။ လူအတော်များများက ဘာကို ယုံကြည်ရမလဲ မသိတော့ဘူး။ Follower ရဖို့ လုပ်ကြံဖန်တီးမှုတွေကို ကျွန်တော်တို့ ခွင့်လွှတ်နေမှာမဟုတ်ပါဘူး” ဟု Instagram Story မှတစ်ဆင့် ငြင်းဆန်ပြောကြားသည်။

မက်ဆီအနေဖြင့် လာမည့်ရာသီတွင် ကစားမည့်နေရာ အတိအကျမသိရသေးသော်လည်း PSG အသင်းနည်းပြ ဂယ်လ်ချီကမူ ကစားသမားမှာ ပါရီ၌ ပျော်ရွှင်နေကြောင်း  ပြောကြားထားသည်။

နာမည်ကြီး စပိန်ဘောလုံးဂျာနယ်လစ်ဖြစ်သူ ဂယ်လမ်ဘာလာဂယ်ကလည်း မက်ဆီအနေဖြင့် ထိပ်တန်းအဆင့်ဘောလုံးပြိုင်ပွဲများ၌ ဆက်လက်ကစားရန် ဆန္ဒရှိနေသဖြင့် ငယ်ဘဝအသင်းဟောင်းဖြစ်သည့် နယူးဝဲလ်အိုးဘွိုင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားထားသည်။

မက်ဆီသည် PSG အသင်းအတွက် ၆၅ ပွဲကစား၊ ၂၉ ဂိုးသွင်းယူပေးထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments