ပြီးခဲ့တဲ့ အပတ်က Street Fight တစ်ခုမှာ ထိုင်း ဖိုက်တာ တစ်ယောက်ကို အမှောက်သိပ် ထိုးပြသွားတဲ့ မြန်မာ ဖိုက်တာတစ်ယောက် ရဲ့ Video ကို ပရိသတ် တစ်ချို့ သတိထားမိမယ် ထင်ပါတယ်။
တကယ်တော့ သူဟာ ထိုင်းမှာ ခက်ခက်ခဲခဲ နဲ့ ရုန်းကန် ကြိုးစားနေတဲ့ ဆောက်လုပ်ရေး လုပ်သားတစ်ယောက်ပါ။ ခက်ခက်ခဲခဲ ကြိုးစားနေတယ်လို့ သုံးနှုန်းရတဲ့ အကြောင်းရင်းက တစ်ဖက်မှာ စားဝတ်နေရေးအတွက် အလုပ် လုပ်ရတယ် ၊ တစ်ဖက်မှာလဲ မွေထိုင်း လေ့ကျင့်တယ်။ နောက်ထပ် အခြား တစ်ဖက် ရှိသေးပါတယ်။ အဲဒါက အိမ်ထောင်တစ်ခု ရဲ့ တာဝန်ကိုပါ ဦးစီး တာဝန်ယူထားရသူပါ။

အဲဒီ အကြောင်းရာတွေကို ခြုံစဉ်းစားကြည့်လိုက်ရုံနဲ့တင် သူဟာ လောကဓံ ကို ဘယ်လောက် ကြံ့ကြံ့ ခံနေလဲ ဆိုတာ မှန်းဆကြည့်လို့ ရလောက်ပါတယ်။
တစ်ချိန်တည်းမှာ ပုံပေါ်ထမ်းထားတဲ့ တာဝန်တွေ ၊ ဝါသနာ နဲ့ ဝမ်းရေး အကြား လှုပ်ရှား ရုန်းကန်နေရတဲ့ လူးလွန့်မှုတွေကြောင့် ထိုးသတ်ပုံ စွမ်းဆောင်ရည် တိုးတက်မှုက ဘယ်လောက်ပဲ ရှိနိုင်မလဲ ဆိုတာ မှန်းဆကြည့်လို့ရပါတယ်။
ထင်ပေါ် ကျော်ကြားတဲ့ ဖိုက်တာမျိုးလဲ မဟုတ်တော့ ထိုးကြေးကလဲ များများစားစား မရပါဘူး။ ဒီလိုနဲ့ အိမ်ကို လုံလုံလောက်လောက် ငွေပြန်မပို့နိုင်တော့ ကျန်ရစ်သူ အိမ်သူ ဇနီးက ပြန်လာဖို့တောင် သူ့ကို တစ်စာစာ ခေါ်နေပါပြီ။
ဝါသနာ နဲ့ အိပ်မက်ကို မစွန့်လွတ်နိုင်သေးလို့သာ ဘ၀ ကို ကြံ့ကြံ့ခံ ဖြတ်သန်းနေတာပါ။

ဟိုး…လွန်ခဲ့တဲ့ အပတ်ကတော့ ထိုင်း က Street Fights တစ်ခုမှာ တက္ကသိုလ် ဘောက်ဆင်းသမားဟောင်း တစ်ယောက်နဲ့ ထိုးဖို့ ဖိတ်ကြားခံရပါတယ်။ ကြိုးစားနေတဲ့ ဖိုက်တာတွေရဲ့ ထုံးစံအတိုင်း ပွဲရွေးလို့ မရပါဘူး။
အဲဒီပွဲက ထွက်လာတဲ့ Video Clip တွေက သူ့ဘဝရဲ့ ထင်မှတ်မထားတဲ့ အချိုးကွေ့တစ်ခု ဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီ Video ဟာ ထိုင်း ပရိသတ်တွေ အကြားမှာရော ၊ မြန်မာ ပရိသတ်တွေ အကြားမှာပါ တော်တော် ပျံ့နှံ့ခဲ့တာပါ။
ရလာဒ် အနေနဲ့တော့ RWS – Rajadamnern World Series လို နာမည်ကြီး ပြိုင်ပွဲ တစ်ခုက သူ့ကို ဆက်သွယ်လာပါတယ်။ အနီးကပ် နှုတ်ထွက်သွားတဲ့ ဖိုက်တာ ရဲ့ နေရာမှာ အစားဝင် ထိုးပေးဖို့ ပြောလာပါတယ်။
ဒါက ကံကြမ္မာဖန်တီးတာလား ၊ လောကကြီးက ရုန်းကန်နေရတဲ့ ဘဝကို ကြွတက်သွားစေဖို့ နတ်/သိကြားတွေ ဖန်တီးခိုင်းလိုက်တာလား မပြောတတ်ပါဘူး။
RWS ပြိုင်ပွဲမှာ သူ့ရဲ့ ထိုးပုံက လိုအပ်ချက်တွေ ရှိနေသည့်တိုင်အောင် ၊ ပြိုင်ဘက်ကို ပထမချီ နဲ့ အမှောက်သိပ်ပစ်လိုက်ပါတယ်။
ရုန်းကန်နေရတဲ့ သံဖြူဇရပ်သား အတွက် ဘ၀ အမောပြေစေတဲ့ အခိုက်တန့်မျိုးတွေပါ။
ဒီလို အခက်ခဲမျိုးစုံထဲကနေ ရုန်းကန် ကြိုးစားနေတဲ့ လူတစ်ယောက်ဟာ ပရိသတ်တွေ ရဲ့ လက်ခုပ်သံ မဟုတ်ရင်တောင် Like တစ်ချက် ၊ Follow တစ်ချက် ပေးဖို့ ထိုက်တန်ပါတယ်။ ဒါက သူ့အတွက် နောက်ထပ် အမောပြေစေမယ့် အားဆေး တစ်ခွက်လိုပါပဲ။
သူ့ရဲ့ နာမည်ကို “စမီခေါင်” လို့ ခေါ်တဲ့ အကြောင်း ညီလေး ထွန်းမင်းနိုင် က ကျနော့် ကို ပြောပြပါတယ်။