Friday, October 24, 2025
spot_img
spot_img

ဘရိုက်တန်နဲ့ ပွဲမှာ ရိစ်ဂျိမ်းစ် တိုက်ရိုက် အနီနဲ့ အထုတ်ခံရခြင်း အပေါ် မှတ်ချက်ပြုလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ၁ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ အဆင့် ၆ သို့ တက်လှမ်းလာနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးဟာ အိမ်ရှင်ကို ပွဲပြီးခါနီး မိနစ် အနည်းငယ် မတိုင်ခင် အထိ ခြယ်လှယ်စိုးမိုး ကစားနိုင်ခဲ့ပါတယ် ။

သို့ပေမယ့် ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် ၈၈မိနစ်မှာ VAR ကြည့်အပြီး တိုက်ရိုက်အနီနဲ့ အထုတ်ခံရတဲ့ နောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ အနိုင်ရလဒ်ကို ခက်ခက်ခဲခဲ ထိန်းခဲ့ရပါတယ် ။ ဂျိမ်းစ်ဟာ ဒီပွဲမှာလည်း နောက်ထပ် ဒဏ်ရာ မရဖို့ အလိုငှာ ၊ လူစားဝင် အနေနဲ့သာ ပါဝင်ဆင်နွှဲခွင့် ရခဲ့ပြန်ပါတယ် ။

ဂျိမ်းစ်ဟာ ယင်းဖြစ်ရပ်မှာ ဘရိုက်တန် တိုက်စစ်မှူး ဂျိုဝေါင် ပတ်ဒရိုထံမှ အရင်ဆုံး ပြစ်ဒဏ် ကျူးလွန်ခြင်း ခံခဲ့ရပေမယ့် ၊ မြေပေါ်လဲကျနေစဉ် အတွင်း ပရော်ဖက်ရှင်နယ် မဆန်တဲ့ ပြန်လည် တုန့်ပြန်မှုက Violent Conduct အဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ၊ တိုက်ရိုက်အနီနဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို က ဂျိမ်းစ်ရဲ့ အနီကတ်နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဘာမှ မမြင်ခဲ့ပါဘူး ။ ဒီနေရာမှာ ကျွန်တော့ရဲ့ အမြင်ကို ချပြဖို့ ခက်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော် အဲဒီ ဖြစ်ရပ်ကို သေသေချာချာ ကြည့်ဖို့ အချိန် မရခဲ့လို့ပါ ။ ”

” ဒါပေမယ့် ဒီအနီကတ်က ကျွန်တော်တို့ အတွက် နာကျင်ဖွယ်ရာပါပဲ ။ ဘာလို့လဲဆိုတော့ ဒါက အံ့သြဖွယ် ပွဲတပွဲ ဖြစ်ခဲ့ပြီး ၊ သူဟာ ကျွန်တော်တို့ အတွက် အမှန်တကယ် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်လို့ပါ ။ အခုတော့ သူဟာ ရာသီပိတ်ပွဲ အပြင် ၊ နောက်ရာသီ အဖွင့်ပွဲ အနည်းငယ်ကိုပါ လွဲချော်တော့မှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ပိုချက်တီနို က ” ကစားသမားတွေ အတွက် အရမ်းပျော်ပါတယ် ။ သူတို့ဟာ ကျွန်တော်တို့ အလုပ်လုပ်ခဲ့တဲ့ ပုံစံအရ ၊ ပွဲချဉ်းကပ်ပုံနဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြင်ဆင်ခဲ့တဲ့ အရာတွေကို လက်တွေ့ အသုံးချနိုင်ခဲ့ပုံအရ ချီးကျူးမှု အပြည့် ရဖို့ ထိုက်တန်ပါတယ် ။ ကျွန်တော် ဂုဏ်ယူပါတယ် ။ ”

” ဒီမှာ ဘရိုက်တန်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတာက အမြဲ ခက်ခဲပါတယ် ။ ကျွန်တော်တို့ လိုချင်တဲ့ အရာ အတွက် ဒီအနိုင် ၃မှတ်က ပိုပြီး နီးစပ်လာစေတာကြောင့် အရမ်း ပျော်ရွှင်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ဒီပွဲအပါအဝင် နောက်ဆုံး ၄ပွဲဆက် အနိုင်ရမှုနဲ့ အတူ ရာသီပိတ် ဘုန်းမောက်နဲ့ ပွဲမှာ သရေတမှတ် ရရုံနဲ့ ဥရောပဝင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။ အဆင့် ၆ နေရာနဲ့ ရာသီပိတ်သိမ်းဖို့ အခြေအနေကောင်းနေခြင်းက ချဲလ်ဆီး အတွက် ဒီရာသီမှာ အောင်မြင်မှုလို့ ယူဆရနိုင်မလား ဆိုတဲ့ အမေး အပေါ် ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် မသိပါဘူး ။ တရာသီလုံး ကျွန်တော်တို့ ဒီအကြောင်း ပြောလာကြတာပါ ။ ဒါပေမယ့် ကျွန်တော့ စကားလုံးတွေက အရေးမကြီးသလိုနဲ့ ဘယ်သူမှ ကျွန်တော့ကို ဂရုစိုက်ကြတဲ့ပုံ မပေါ်ခဲ့ပါဘူး ။ လူတွေက ကောလဟလတွေကိုပဲ အလေးပေးကြတာပါ ။ ”

” ဒါက အရေးမကြီးပါဘူး ။ ကျွန်တော့ အတွက်တော့ အရေးကြီးဆုံး အရာက ပွဲတွေ အနိုင်ရနေဖို့ပါပဲ ။ အခြေအနေနဲ့ အချိန်အခါ အရပ်ရပ်မှာ ဒါက အတော်လေး ခက်ခဲနှင့်ပြီးပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments