မန်စီးတီးသည် ဘန်လေကို ၆-၀ ဖြင့်အနိုင်ရရှိပြီး အက်ဖ်အေဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။ ထိုပွဲတွင် ဟာလန်းက ပွဲချိန် ၃၂၊ ၃၅၊ ၅၉ မိနစ်များတွင် ဂိုးသွင်းပြီး ဟက်ထရစ်ယူနိုင်ခဲ့သည်။ ပွဲအပြီးတွင် သူ့အနေဖြင့် လက်ရှိဘောလုံးရာသီတွင် ဂိုးမည်မျှ သွင်းယူမည်ဟူသော ပစ်မှတ်မျိုး ထားရှိခြင်း မရှိကြောင်း နော်ဝေတိုက်စစ်မှူးက ပြောဆိုလိုက်သည်။ မန်စီးတီးအတွက် ကျန်ဂိုးများကို အာဂျင်တိုင်းတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က နှစ်ဂိုး ( ၆၂၊၇၃ မိနစ်) နှင့် ပါလ်မာ (၆၈ မိနစ်)တို့က သွင်းယူခဲ့သည်။

ဟာလန်းသည် လက်ရှိဘောလုံးရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၆ ကြိမ်ဟက်ထရစ် သွင်းယူထားနိုင်ပြီး မနေ့ညက ပွဲတွင်ကစားသည့် ဘောလုံးကိုလည်း ဟက်ထရစ်သွင်းယူခြင်း အထိန်းအမှတ်အဖြစ် အိမ်သို့ယူသွားကြောင်း သတင်းများက ဖော်ပြသည်။ လွန်ခဲ့သည့် လေးရက်က လိုက်ပ်ဇစ်နှင့် ကစားသည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့တွင်လည်း ဟာလန်းက တစ်ပွဲတည်း ၅ ဂိုးသွင်းယူခဲ့သည်။

“နိုင်ငံတကာပွဲတွေမလာမီမှာ မန်စီးတီးက ၂ ပွဲလောက် ခြေစွမ်းကောင်းခဲ့ပါတယ်။ ၇ ဂိုးပြတ် ၆ ဂိုးပြတ်တွေသွင်းနိုင်တယ်ပဲ ဆိုပါတော့။ ကျွန်တော့်အတွက် သွင်းဂိုးတိုင်း အသင်းက ရတဲ့ ဂိုးတိုင်းက အရမ်းအဓိပ္ပာယ်ရှိပါတယ်။ ဘန်လေလို အသင်းကောင်းတစ်သင်းကို ၆ ဂိုးအထိသွင်းနိုင်တယ်ဆိုတာက မယုံနိုင်စရာ ဖြစ်ပါတယ်။ ကျွန်တော်အရမ်းဝမ်းသာရပါတယ်။ အက်ဖ်အေဖလားနောက်တစ်ပွဲကို မန်စီးတီးကဝင်ဘလေမှာ ကစားရတော့မယ်။ လက်ရှိဘောလုံးရာသီအနေအထားက မန်စီးတီးအနေနဲ့ အကောင်းဆုံးခြေစွမ်းရနေရမယ့် အချိန်ဖြစ်ပါတယ်။ အဆုံးအဖြတ်အချိန်ဖြစ်လို့ ခြေစွမ်းကောင်းကို ပွဲတိုင်းပြသနိုင်ဖို့ လိုအပ်ပါတယ်”
“ခြေစွမ်းပြနိုင်ဖို့ကိုပဲ စိတ်ထဲမှာထားပါတယ်။ ဒီနှစ်မှာ သွင်းဂိုးဘယ်လောက်သွင်းမယ်ဆိုပြီး သွင်းဂိုး အရေအတွက်တစ်ခုကို စိတ်ထဲမှာ မထားပါဘူး။ တိုက်စစ်မှူးတစ်ဦးအနေနဲ့ ဂိုးသွင်းရတာပျော်ပါတယ်။ ဒါပေမယ့် သွင်းဂိုးအရေအတွက်ထက် ဂိုးသွင်းခွင့်တွေကို အတတ်နိုင်ဆုံး အများဆုံး အရယူနိုင်ဖို့ စိတ်ထဲမှာ ထားနေတာပါ။ ဂိုးသွင်းခွင့်ရရင် သွင်းဂိုးတွေလည်း ရမှာပဲလေ”ဟု ဟာလန်းက ပြောဆိုလိုက်သည်။






