ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ နယ်သာလန် တိုက်စစ်မှုး ဗက်ဟော့အစား ပေါ်တို တိုက်စစ်မှုး မက်ဒီတရီမီ ကိုသာ ခေါ်ယူရန် ကြိုးပမ်း သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ခရစ်စတီယာနိုရော်နယ်ဒို နဲ့ လမ်းခွဲခဲ့ပြီးနောက် ယခု ဇန်နဝါရီ အပြောင်းအရွေ့မှာ တိုက်စစ်မှုးသစ် တစ်ဦး ၀ယ်ယူသွားရန် စျေးကွက်ထဲမှာ လှုပ်ရှားလျက် ရှိနေပြီး လက်ရှိ အချိန်မှာ ဘန်လေ ကနေ ဘက်ဆစ်တပ်မှာ အငှား သွားကစားနေတဲ့ ဗက်ဟော့ကို ခေါ်ယူဖို့ ကိစ္စနဲ့ ပက်သက်ပြီး အဆိုပါ ကလပ်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။

ဗက်ဟော့ဟာ တူရကီမှာ တစ်ရာသီ အငှား သွားကစားနေတာ ဖြစ်ပြီး အဲရစ်တန်းဟတ် အသင်းဘက်က အငှားစာချုပ်ကို ဖျက်သိမ်းပေးရန် ဘက်ဆစ်တပ်ကို စည်းရုံးမှု လုပ်ခဲ့ပေမယ့် ပယ်ချခြင်းတော့ ခံထားရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ဘက်က မန်ယူနိုက်တက်ကို ပြောင်းရွေ့နိုင်မယ့် အခွင့်အရေး အပေါ် လက်လွှတ် မခံလိုတာကြောင့် ဒီအပြောင်းအရွေ့ ဖြစ်လာအောင် အစွမ်းကုန် ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်လည်း ဖာဒီနန် ကတော့ ယူနိုက်တက် အနေနဲ့ ဒီရာသီ ပေါ်တို အတွက် ပွဲ ၂၀ ကစားထားခဲ့ရာမှာ ၁၄ ဂိုးထိ သွင်းယူထားခဲ့တဲ့ တရီမီ ကိုသာ ခေါ်ယူသင့်တယ်လို့ ယုံကြည်နေပြီး အီရန် တိုက်စစ်မှုးဟာ ကမ္ဘာ့ဖလားတုန်းကလည်း အီရန် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။ တရီမီဟာ ပေါ်တို နဲ့ ယူရိုသန်း ၆၀ တန် စာချုပ်ဖျက်သိမ်းကြေး ရှိနေသူ ဖြစ်ပြီး ပေါ်တူဂီ ကလပ်ဘက်က ယူရိုသန်း ၄၀ ကျော်သာ ရမယ် ဆိုရင် ရောင်းချသွားရန် အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။