မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က သူ့ရဲ့အသင်းဟာ ဖူလ်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။
ယခုရက်သတ္တပတ်အတွင်းမှာပဲ ယူနိုက်တက်ဟာ ဘိုင်ယန်မြူးနစ်နောက်တန်း ကစားသမားတွေဖြစ်တဲ့ ဒီလစ်နဲ့ မာဇရာဝီတို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ကစားသမား ၂ ဦးစလုံးဟာ အသင်းနဲ့အတူ အပြည့်အဝလေ့ကျင့်ရေးမဆင်းရသေးတာကြောင့် ပါဝင်ကစားဖို့တော့ ခက်ခဲတဲ့အခြေအနေမှာရှိနေပါတယ်။ ဒါ့အပြင် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရသွားတဲ့ လုခ်ရှော၊ ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဟွိုက်လန်းနဲ့ ယိုရိုတို့ကလည်း ပါဝင်ကစားနိုင်မှာမဟုတ်လို့ တန်ဟက်အနေနဲ့ ကစားသမားအင်အား အပြည့်အဝမရှိတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကြာသပတေးနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်က “ပရီးမီးယားလိဂ်က စတင်နေပြီဖြစ်ပေမယ့် ကျွန်တော်တို့အသင်းကတော့ အဆင်သင့်မဖြစ်သေးပါဘူး။ အခြားအသင်းတွေမှာလည်း ဒီလိုပြဿနာတွေရှိနေပေမယ့် ကျွန်တော်တို့ အကောင်းဆုံး စတင်နိုင်ဖို့ ကြိုးစားသွားပါမယ်။ အဆင်သင့်မဖြစ်တာကို ဖုံးကွယ်လို့မရပါဘူး။ အတတ်နိုင်ဆုံးဖြေရှင်းသွားရမှာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
နွေရာသီမှာပဲခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဂျိုရှူးဝါးဇက်ခ်ဇီက ကစားဖို့ အဆင်သင့်ဖြစ်နေပမယ့် မန်စီးတီးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာတော့ အရန်ခုံမှာသာထိုင်ခဲ့ရပြီး ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ လုခ်ရှောနဲ့၊ မာလာစီယာတို့က ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရချိန်မှာ တန်ဟက်အနေနဲ့ ဘယ်နောက်ခံနေရာအတွက် မာဇရာဝီကိုအသုံးပြုနိုင်သလို လီဆန်ဒရိုမာတီနက်ဇ်ကိုလည်း အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ မန်စီးတီးနဲ့ပွဲစဉ်မှာ ဘယ်နောက်ခံကစားသမားအဖြစ် ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

ရွေးချယ်စရာကစားသမားတွေ အများအပြားမရှိပေမယ့် အတောင့်တင်းဆုံးလူစာရင်းကို ပွဲထုတ်သွားမယ့်အကြောင်း တန်ဟက်က “မကစားနိုင်တဲ့ကစားသမားတွေအကြောင်း မပြောပါဘူး။ ရနိုင်သလောက် ကစားသမားတွေနဲ့ပဲ ဖြစ်နိုင်သမျှအကောင်းဆုံး လူစာရင်းကို ပွဲထုတ်သွားရမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်ဒီလိုပဲ ခဏခဏပြောခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တံကောက်ကြောဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်တွေမှာ အခုချိန်အထိပါဝင်ခွင့်မရသေးတဲ့လုခ်ရှောဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ အင်္ဂလန်အသင်းအတွက် အနည်းငယ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
သို့သော်လည်း လုခ်ရှော မကြာမီမှာပဲ ပြန်ကစားနိုင်မယ့်အကြောင်းကို တန်ဟက်က “အချိန်တိုအတွင်းမှာပဲ သူပြန်ကစားနိုင်မှာပါ။ သိပ်ကြာမှာမဟုတ်ပါဘူး။ လုခ်ရှောက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားဖြစ်လို့ တတ်နိုင်သလောက် အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့ကို အလျင်စလိုလုပ်ဖို့ ဖိအားပေးသွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။






