မန်စီးတီး အသင်းဟာ မနေ့ကပဲ ချဲလ်ဆီး အသင်းရဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ်ကို ပေါင် ၂၅သန်း + အပိုဆုကြေး ၅သန်း ၊ ၄နှစ်စာချုပ်နဲ့ တရားဝင် ခေါ်ယူသွားပြီ ဖြစ်ပါတယ် ။ ဒါဟာ လက်ရှိ ဖလား ၃လုံး ချန်ပီယံ အသင်းရဲ့ ယခုနှစ် နွေရာသီ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှုလည်း ဖြစ်ပါတယ် ။
အသက် ၂၉နှစ် အရွယ်ရှိ ကိုဗာဆစ်ဟာ ချဲလ်ဆီးမှာ ၅နှစ်ကြာ ကစားခဲ့ကာ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတွေကို ဆွတ်ခူးခဲ့ပြီးနောက် ၊ မန်စီးတီးထံသို့ ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ကိုဗာဆစ်ဟာ ချဲလ်ဆီးနဲ့ စာချုပ် တနှစ်သာ ကျန်တော့လို့ ၂ဖက် ကလပ် အကြား ပြောင်းရွှေ့ကြေး အထိုက်အလျောက် လျင်လျင်မြန်မြန် ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ် ။

မန်စီးတီး တရားဝင် ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံတဲ့ ပထမဆုံး အင်တာဗျူးမှာ ကိုဗာဆစ်က မန်စီးတီးနဲ့ ပက်ဂွာဒီယိုလာထံ ပြောင်းရွှေ့လာရတဲ့ အကြောင်းအရင်းတွေကို ထုတ်ဖော်ရင်း ၊ စီးတီးရဲ့ ဆုဖလား အောင်မြင်မှု ဆက်လက် တိုးပွားရေး အတွက် ကူညီပေးသွားလိုကြောင်း ဖွင့်ဟလာပါတယ် ။
ကိုဗာဆစ် က ” ဒါဟာ ကျွန်တော့ အတွက် အရမ်းကောင်းတဲ့ အပြောင်းအရွှေ့ တရပ် ဖြစ်ပါတယ် ။ စီးတီးနဲ့ အတူ ပွဲကစားခွင့် စရဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး ။ ပက်ရဲ့ လက်အောက်မှာ ဒီအသင်းရဲ့ ကစားပုံကို ကြည့်ဖူးတဲ့ ဘယ်သူမဆို သူတို့ ဘယ်လောက်ထိ ကောင်းတဲ့ အကြောင်း သိကြပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ သူတို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်ပါတယ် ။ သူတို့ ဆွတ်ခူးရရှိခဲ့တဲ့ ဆုဖလားတွေကို ကြည့်ရင် ရှင်းလင်းနေပြီးသားပါ ။ သူတို့ဟာ အကောင်းဆုံး ဘောလုံး အသင်း ဖြစ်ပါတယ် ။ ဘယ်ဘောလုံးသမား အတွက်မဆို ဒီအသင်းကို ပြောင်းရွှေ့လာရတာက အိပ်မက်သဖွယ် ဖြစ်မှာပါ ။ ”
” ကျွန်တော့မှာ သင်ယူလေ့လာစရာတွေ ၊ နောက်ထပ် တိုးတက်လာနိုင်တဲ့ အရာတွေ အများကြီး ရှိနေဆဲပါ ။ ပက်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျွန်တော်ဟာ ပိုကောင်းတဲ့ ကစားသမား တဦး ဖြစ်လာနိုင်တယ် ဆိုတာ သိထားပါတယ် ။ ဒါက ကျွန်တော့ အတွက် အမှန်တကယ် စိတ်လှုပ်ရှားဖွယ်ကောင်းပါတယ် ။ ”

” အခု လောလောဆယ် ကျွန်တော့ရဲ့ အစီအစဉ်က ရက်သတ္တပတ် အနည်းငယ်ခန့် အနားယူပြီး ဘောလုံးရာသီသစ် အတွက် မန်ချက်စတာမှာ ပြင်ဆင်ဖို့ လုပ်ပါမယ် ။ ဒီကလပ် ထိပ်တန်းအဆင့်မှာ ဆက်ရှိနေရေး ၊ ဆုဖလားတွေ ဆက်လက် ဆွတ်ခူးရေး အတွက် ကျွန်တော် ကူညီပေးသွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
မန်စီးတီး အားကစား ဒါရိုက်တာ ဘီဂီရီစတိန်းကလည်း ၄င်းတို့ရဲ့ ဒီနွေရာသီ ပထမဆုံး ခေါ်ယူမှု ဖြစ်တဲ့ ယင်းခရိုအေးရှားသားနဲ့ ပတ်သက်ပြီး ” မတ်တီယိုဟာ အရမ်းတော်တဲ့ ဘောလုံးသမား တဦးပါ ။ သူဟာ နံပါတ် ၆ ကွင်းလယ်လူ အဖြစ်နဲ့ရော နံပါတ် ၈ ကွင်းလယ်လူ အဖြစ်နဲ့ပါ ကစားပေးနိုင်ပြီး ၊ ထိပ်တန်းကလပ်တွေမှာ အလွန်များပြားတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်ခဲ့သလို ၊ ပရီးမီးယားလိဂ် အကြောင်း ကောင်းကောင်း နားလည်ထားပါတယ် ။ ”

” သူ့ကို စီးတီးဆီ ခေါ်ဆောင်လာဖို့က အရမ်း ရိုးရှင်းလွယ်ကူတဲ့ ဆုံးဖြတ်ချက် တရပ်ပါပဲ ။ ဘာလို့လဲဆိုတော့ သူ့မှာ ကွင်းလယ်လူ တယောက် အနေနဲ့ ကျွန်တော်တို့ ရှာဖွေနေတဲ့ နည်းစနစ် အရည်အသွေးကောင်း အများအပြား ပိုင်ဆိုင်ထားလို့ပါ ။ ”
” သူဟာ ကျွန်တော်တို့ ခေါ်ယူဖို့ အရင်ကတည်းက စောင့်ကြည့်လာတဲ့ ကစားသမား တဦးပါ ။ ကျွန်တော်တို့ သူ ကစားတာကို စောင့်ကြည့်တဲ့အခါ အထင်ကြီး လေးစားခဲ့ရပါတယ် ။ သူ ဒီကို ရောက်လာလို့ ကျွန်တော် အထူး ဝမ်းမြောက်ရပါတယ် ။ ပက်ရဲ့ နည်းပြ အဖွဲ့နဲ့အတူ သူ ဘာတွေ လုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ဖို့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။






