Friday, March 13, 2026
spot_img
spot_img

နှစ်ဖက်လူရမ်းကားများကြောင့် ဆားဘီးယား-အင်္ဂလန်ပွဲကို ယူရို ၂၀၂၄ ၏ အန္တရာယ်အရှိဆုံးပွဲစဉ်အဖြစ် ဂျာမန်အာဏာပိုင်များ သတ်မှတ်ထား

ဂျာမန်အာဏာပိုင်များသည် နာမည်ကျော် အင်္ဂလန်အသင်း၏ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စုအဖွင့်ပွဲဖြစ်သည့် ဆားဘီးယား-အင်္ဂလန်ပွဲကို နှစ်ဖက်အသင်းတွင် လူရမ်းကားပရိသတ်များ ရှိခြင်းကြောင့် ပြိုင်ပွဲ၏အန္တရာယ်အရှိဆုံးပွဲစဉ်အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။

ယူရို ၂၀၂၄ ပြိုင်ပွဲ၏ အုပ်စု (C) အဖွင့်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဆားဘီးယား-အင်္ဂလန်ပွဲကို ဇွန်လ (၁၆) ရက် (တနင်္ဂနွေနေ့)တွင် ရှော်လ်ကေးအသင်း၏ အိမ်ကွင်းဖြစ်သည့် Arena AufSchalke ကွင်း၌ ကစားမည်ဖြစ်သည်။ ဂျာမန်အာဏာပိုင်များက ဆားဘီးယားနှင့် အင်္ဂလန်အသင်းနှစ်သင်းစလုံး၌ လူရမ်းကားပရိသတ်များရှိနေသည့်အတွက် အဆိုပါပွဲစဉ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း သိရသည်။ ဆားဘီးယား-အင်္ဂလန်ပွဲကို အင်္ဂလန်ပရိသတ် (၄၀၀၀၀)ခန့် လာရောက်ကြည့် ရှုဖွယ်ရှိသော်လည်း ဆားဘီးယားပရိသတ်မှာမူ (၅၀၀၀) မှ (၈၀၀၀)ဝန်းကျင်သာ ကွင်းအတွင်း ဝင်ရောက်ကြည့် ရှုဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

ထို့ကြောင့် ဂျာမန်အာဏာပိုင်များသည် ဆားဘီးယား-အင်္ဂလန်ပွဲ လာရောက်ကြည့်ရှုသည့် ပရိသတ်များကို  အယ်လ်ကိုဟော ပါဝင်မှုအနည်းဆုံးဘီယာများကိုသာ ရောင်းချခွင့်ပြုထားပြီး ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ ဘီယာများကိုယူဆောင်သောက်သုံးခွင့် ပိတ်ပင်ထားကြောင်းလည်း သိရသည်။ စုံထောက်အရာရှိချုပ်ဖြစ်သူ ဘူဂါဟက်စ်က “ဆားဘီးယား-အင်္ဂလန်ပွဲက ယူရို ၂၀၂၄ မှာ အန္တရာယ်အရှိဆုံးပွဲပါ။ ဘာလို့ဒီလိုပြောနိုင်တာလဲဆိုတော့ သမိုင်းကြောင်းနဲ့ နှစ်သင်းစလုံးမှာ လူရမ်းကားတွေ ရှိတဲ့အတွက်ကြောင့်ပါ။ ဆားဘီးယားမှာ ဘောလုံးလူရမ်းကားတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်တွေကလည်း အရက်ဝင်သွားရင် တစ်ခါတလေ သွေးဆိုးတတ်ပါတယ်။ ဒီတော့ ဖြစ်နိုင်ခြေတွေအတွက် ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။ ပွဲနေ့မှာ ဘာမှ ဖြစ်မလာဖို့တော့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဆားဘီးယားဘောလုံးလူရမ်းကားများမှာ ဥရောပတွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ဆားဘီးယား-အင်္ဂလန်ပွဲကို ဆားဘီးယားဘောလုံးလူရမ်းကား (၅၀၀)ခန့်ကွင်း  အတွင်း ဝင်ရောက်ကြည့်ရှုမည်ဟု ဂျာမန်အာဏာပိုင်များ သတင်းရထားကြောင်း သိရှိရသည်။ ဂျာမန်ရဲများသည် အင်္ဂလန်၊ ဆားဘီးယားတို့မှ အာဏာပိုင်များနှင့်အတူချိတ် ဆက်လုပ်ဆောင်နေကြပြီး တနင်္ဂနွေနေ့ကစားမည့်ပွဲတွင် အကြမ်းဖက်မှုများ မပေါ်ပေါက်ရန် မျှော်လင့်နေကြောင်း သိရသည်။ Sky Sports ၏ ဖော်ပြချက်အရ ယူရို ၂၀၂၄ ပွဲစဉ်တစ်ပွဲလျှင် ခန့်မှန်းခြေ ဂျာမန်ရဲ (၂၂၀၀၀)ခန့် လုံခြုံ ရေးတာဝန်ယူမည်ဖြစ်ပြီး အခြားဥရောပနိုင်ငံများမှ လုံခြုံရေး (၁၆၀၀၀)က ဂျာမန်ရဲများကို ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments