ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား ဗင်နီစီးယက်စ်က ဘောလုံးကစားနေစဉ်အတွင်း ပရိသတ်တွေထံမှ လူမျိုးရေးခွဲခြားမှုတွေ ထပ်မံပြုလုပ်လာခဲ့ပါက ပွဲကိုဆက်မကစားတော့ဘဲ အသင်းဖော်တွေနဲ့အတူတူ ကွင်းထဲကနေ ထွက်ခွာသွားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ကစားသမားဟာ မကြာသေးမီနှစ်တွေမှာကတည်းက ဆက်တိုက်ဆိုသလို လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဗင်နီစီးယက်စ်က “ဒီနေ့ဒီအချိန်အထိ လူမျိုးရေးခွဲခြားသူတွေ ရှိနေဆဲပါ။ ဒါပေမယ့် အခုခေတ်မှာ ကင်မရာတွေအများအပြားရှိနေပြီး မှတ်တမ်းယူလို့ရနေတော့ သူတို့က လူအုပ်ကြားထဲကနေ မထွက်ရဲကြပါဘူး။ ကျွန်တော်တို့ လူမျိုးရေးခွဲခြားမှုကို နည်းနည်းချင်းစီလျှော့ချသွားနိုင်ဖို့လိုပါတယ်။ ဒါတွေကို အဆုံးသတ်သွားအောင်ပြုလုပ်နိုင်ဖို့တော့မရှိသေးပေမယ့် ကျွန်တော့်အနေနဲ့ စပိန်နိုင်ငံရဲ့သဘောထားကို ပြောင်းလဲနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်”
“အသင်းမှာ တစ်ခါတလေကျရင် အဲဒီအကြောင်းတွေပိုပြောဖြစ်ပါတယ်။ ကျွန်တော်မှမဟုတ်ပါဘူး။ ကျွန်တော်တို့ကစားသမားတွေအားလုံး ဒီအကြောင်းကိုပြောကြပြီး လူမျိုးရေးခွဲခြားမှုကြုံလာခဲ့ရင် အားလုံးကွင်းထဲကနေထွက်သွားမယ်လို့ တိုင်ပင်ထားပါတယ်။ လူမျိုးရေးခွဲခြားမှုတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးရပါမယ်။ ဒီလိုဖြစ်ရပ်တွေကြုံတွေ့လာရင် ကျွန်တော်တို့ ကွင်းထဲကနေထွက်သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၂ လအတွင်း ရီးရဲလ်မက်ဒရစ်ပွဲစဉ်တွေမှာ လူမျိုးရေးခွဲခြားမှုတွေကို ဗီဒီယိုနဲ့မှတ်တမ်းတင်တွေ့ရှိခဲ့ရပြီး လူမျိုးရေးခွဲခြားသူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအပေါ် လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်ပြီး ယူအီးအက်ဖ်အေကလည်း ပိုင်ပိုင်နိုင်နိုင်အရေးယူလာနိုင်တာကို မြင်တွေ့နေရပါတယ်။
လူမျိုးရေးခွဲခြားခံရသော်လည်း ဗင်နီစီးယက်စ်ရဲ့ကွင်းတွင်းခြေစွမ်းဟာ ကျဆင်းသွားခြင်းမရှိဘဲ အသက်-၂၄ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သောကြာနေ့မနက်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ လက်စ်ပါးမားနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဘရာဇီးသားအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်သွားမှာဖြစ်ပါတယ်။