၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်း၏ လူစာရင်းတွင် ရွေးချယ်ခံထားရသည့် အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးက PSG တိုက်စစ်မှူး နေမာသည် မိမိ တွဲကစားဖူးသမျှ အသင်းဖော်များထဲတွင် အကောင်းဆုံးကစားသမားဖြစ် သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ဂျေးဇူးသည် ကမ္ဘာ့ဖလားမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ဘရာဇီးလ်အသင်းအတွက် ရွေးချယ်ခြင်းမခံခဲ့ရသောကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်ဖွယ်ရှိကြောင်း ထင်ကြေးပေးခံခဲ့ရသော်လည်း အပြီးသတ်လူစာရင်းထုတ်ပြန်ရာတွင် နေမာနှင့်အတူ ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခေတ္တရပ်နားလိုက်ပြီးနောက် ကာတာနိုင်ငံသို့ ထွက်ခွာတော့မည့် ဂျေးဇူးကို Sky Sports က ဘရာဇီးလ်အသင်းဖော် နေမာနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

”ကျွန်တော် သူနဲ့ ပထမဆုံးတွဲကစားဖူးတာ ၂၀၁၆ ခုနှစ်မှာပါ။ ကျွန်တော်တို့ အိုလံပစ်ပြိုင်ပွဲကို အတူသွားခဲ့ကြပြီး အဲဒီနောက်မှာတော့ ပွဲတွေအများကြီး အတူကစားခဲ့ရပါတယ်။ ကစားသမားတစ်aယာက်အနေနဲ့ သူက မယုံနိုင်စရာကောင်းအောင် ထူးချွန်ပါတယ်။ ကျွန်တော် တွဲကစားဖူးသမျှထဲ အကောင်းဆုံးကစားသမားလို့လည်း ထင်ပါတယ်။ ကွင်းပြင်မှာလည်း သူက နှစ်လိုဖွယ်ကောင်းတဲ့သူပါ။ တကယ်ကောင်းတဲ့ လူတစ်ယောက်၊ အရမ်းနှိမ့်ချတတ်တဲ့လူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးတော့ မိသားစုနဲ့ မိတ်ဆွေတွေကို ချစ်တတ်တဲ့သူပါ”ဟု ပြောကြားခဲ့သည်။

ထို့ပြင် နေမာအပေါ် ပုဂ္ဂိုလ်ရေးအမြင်ကို မေးမြန်းရာတွင် ”သူက အမြဲနောက်ပြောင်နေ၊ ကခုန်နေ၊ သီချင်းဆိုနေတတ်တဲ့ အပျော်တတ်ဆုံးလူတစ်ယောက်ပါပဲ” ဟု သုံးသပ်ပြောကြားခဲ့သည်။
ဂျေးဇူးသည် ၂၀၁၆ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် နေမာနှင့်အတူ ရွှေတံဆိပ်ရယူနိုင်ခဲ့သူဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ဂျေးဇူးက (၁၉)နှစ်၊ နေမာက အသက်ကျော်ကစားသမားအဖြစ် (၂၄)နှစ်ဖြင့် ပါဝင်ခဲ့ခြင်းဖြစ်သည်။






