မနေ့ ညက ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဘာစီလိုနာ အသင်းဟာ ဗီလာရီးရဲ အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရပြီး အမှတ်ပေး ဇယား ကို ဆက်လက် စိုးမိုးထားခဲ့ ပါတယ် ။ ဘာစီလိုနာ အတွက် တလုံးတည်းသော ဂိုးကိုတော့ လူငယ်လေး ပက်ဒရီ က သွင်းယူပေးခဲ့ တာပဲ ဖြစ်ပါတယ် ။

အက်သလက်တီကို မက်ဒရစ် ဟာလည်း ဆယ်လ်တာဗီဂို အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားခဲ့ပြီး ဘာစီလိုနာ ကနေ ပြောင်းရွှေ့ လာတဲ့ မမ်းဖစ် ဒီပိုင်း က တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေး ခဲ့ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ အဆင့် ၁ က နာပိုလီ တို့ နိုင်ပွဲဆက် ခဲ့ပြီး အိမ်ကွင်းမှာ ခရီမိုနီးစီး အသင်းကို ၃-၀ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ယူဗင်တပ် ကလည်း အိမ်ကွင်းမှာ ဖီအိုရင်တီးနား ကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ပါတယ် ။
ပရီးမီးယားလိဂ် မှာတော့ မန်စီးတီး ဟာ အက်စတွန် ဗီလာ ကို ဂိုးပြတ် အနိုင် ကစားပြီး အာဆင်နယ် နဲ့ ၃ မှတ် အကွာကို ရောက်ရှိ လာခဲ့ ပါတယ် ။ မန်ယူနိုက်တက် ကလည်း ကြားရက် တုန်းက ၂ ဂိုးစီ သရေကျခဲ့တဲ့ လိဒ် ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး အာဆင်နယ် နဲ့ ၅ မှတ်အကွာကို ရောက်ရှိလာနိုင် ခဲ့ပါတယ် ။
နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ ဂျုဒ် ဘယ်လင်ဂမ် ဟာ လီဗာပူး အသင်းရဲ့ နွေရာသီ အတွက် နံပါတ် ၁ ပစ်မှတ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ် ။
လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ ကတော့ ဒဏ်ရာကြောင့် ၁ လ လောက် အနားယူရဦးမယ်လို့ ကြားသိရ ပါတယ် ။
ဆောက်သမ်တန် အသင်းဟာ မနေ့က ထုတ်ပယ် လိုက်တဲ့ နည်းပြ နေသန်ဂျုံးစ် ရဲ့ နေရာကို မကြာခင် ကမှ ထုတ်ပယ် ခံထားရတဲ့ လိဒ် နည်းပြဟောင်း ဂျက်ဆီ မာ့ချ် နဲ့ အစားထိုးဖို့ စဉ်းစားနေတယ်လို့ သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်း ထဲက အားကစား ခန်းမ ကို အလုံးစုံ ပြုပြင် မွမ်းမံဖို့ စီစဉ် နေပြီလို့ သတင်းကြားသိရ ပါတယ် ။
ခရစ္စတီယာနို ရိုနယ်ဒို ဟာ ယူနိုက်တက် ကနေ မထွက်ခွာခင်မှာ အသင်းရဲ့ လေ့ကျင့်ရေး ပစ္စည်းတွေ ခေတ်မမီ မပြည့်စုံတာတွေကို အင်တာဗျူး မှာ ဖွင့်ချ ပြောဆိုခဲ့ဖူး ပါတယ် ။
ချဲလ်ဆီး အသင်းနဲ့ နွေရာသီတုန်းက လမ်းခွဲလာခဲ့တဲ့ ဝါရင့် ဂိုးသမားဟောင်းကြီး ပီတာဆက်ချ် ဟာ ငယ်စဉ် ကတည်းက ဖြစ်ချင်ခဲ့တဲ့ ရေခဲပြင်ဟော်ကီ ဂိုးသမား အဖြစ် ပါဝင် ကစားနေတယ်လို့ သိရှိရပြီး ဒါဟာ ချန်ပီယံလိဂ် ကစားရတာထက်တောင် ပိုပျော်ဖို့ ကောင်းနေပါတယ်လို့ ဆက်ချ် က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် နဲ့ လိဒ် အသင်းတို့ဟာ မနေ့ညက ပွဲချိန် အတွင်း ယူနိုက်တက် ရဲ့ မြူးနစ် လေယာဉ်ပျက်ကျမှု အဖြစ်ဆိုး အပေါ် လှောင်ပြောင်အော်ဟစ် မှုတွေကို ရှုံ့ချ ခဲ့ကြပြီး အရေးယူမှုတွေ ပြုလုပ် သွားမယ်လို့ ထုတ်ဖော် အသိပေးခဲ့ ပါတယ် ။
ကနေဒါ ဘောလုံးအဖွဲ့ချုပ် က တရားစွဲဆိုမယ်လို့ ဖိအားပေး အပြီးမှာတော့ ကနေဒါ အမျိုးသမီး အသင်းဟာ မကြာခင် ကျင်းပတော့မယ့် SheBelieves Cup ပြိုင်ပွဲကို ပါဝင် ကစားမယ်လို့ ဆုံးဖြတ်ခဲ့ ပါတယ် ။
ကနေဒါ အမျိုးသမီး ဘောလုံးအသင်းဟာ လစာဖြတ်တောက်မှု နဲ့ တန်းတူညီမှု မှု မရှိတာတွေကြောင့် ပြိုင်ပွဲ မကစားပေးဘူးလို့ ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ် ။
ဒါပေမယ့် ကနေဒါ အမျိုးသမီး အသင်းခေါင်းဆောင် ခရစ်စတင်း ဆင်ကလဲယား ကတော့ ဒီကိစ္စတွေ အဆုံးသတ်သွားမှာ မဟုတ်ကြောင်းနဲ့ သူတို့ဟာ SheBelieves Cup ကို ဝင်ပြိုင်ရင်း ဆက်လက် ဆန္ဒ ထုတ်ဖော် သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ် ။






