စနေနေ့ညက ပွဲတွင် အာဆင်နယ်သည် ဖောရက်စ်ကို ၁-၀ ဖြင့်ရှုံးနိမ့်လိုက်ခြင်းကြောင့် မန်စီးတီးထက် ၄ မှတ်လျော့နည်းကာ ကစားရန် တစ်ပွဲသာကျန်တော့သဖြင့် မန်စီးတီးသည် ၂၀၂၂-၂၃ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိခဲ့သည်။ အာဆင်နယ်အသင်းမန်နေဂျာအာတီတာက အာဆင်နယ်အသင်းအနေဖြင့် လက်ရှိပရီးမီးယားလိဂ်ဘောလုံးရာသီတွင် အမှတ်ပေးချန်ပီယံဖြစ်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့ရခြင်းအား စိတ်ဒဏ်ရာမရဘဲ အဆိုပါအရှုံးမှ အမြန်ဆုံးရုန်းထွက်နိုင်ရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆင်နယ်သည် ဧပြီလဆန်းအထိ ဒုတိယနေရာမှ မန်စီးတီးကို ၈ မှတ်ဖြတ်ထားနိုင်ခဲ့သည်။ သို့ရာတွင် နောက်ဆုံးကစားသည့် ၈ ပွဲတွင် ၂ ပွဲသာအနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် အာဆင်နယ်သည်ယခုကဲ့သို့ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။
“ဒီနေ့က ဝမ်းနည်းစရာကောင်းပါတယ်။ ခက်ခဲတဲ့ခံစားချက်တွေဆိုတာလည်း မှန်ပါတယ်။ ကျွန်တော်တို့ ၁၀ လခွဲလောက် ချန်ပီယံဆုအတွက် ကြိုးစားခဲ့ရပါတယ်။ ၉လခွဲလောက် ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရာသီအကုန်အထိ ထိပ်ဆုံးမှာနေပြီး ချန်ပီယံဖြစ်နိုင်ရေး ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မလုံလောက်ခဲ့ဘူးလို့ ပြောရမှာဖြစ်ပါတယ်။ ပထမဆုံး မန်စီးတီးအတွက် ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ ရာသီအကုန်မှာ သူတို့က အကောင်းဆုံးဖြစ်သွားပါတယ်။ အာဆင်နယ်က ချန်ပီယံဖြစ်မယ်လို့ မျှော်လင့်ချက်ထားရာကနေ မဖြစ်ရတဲ့အတွက် ကျွန်တော်ကပဲ တောင်းပန်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့က အနိုင်ရရေးကို ဦးတည်ကြိုးပမ်းနေကြတာဖြစ်ပြီး အနိုင်ရတာကိုလည်း အရမ်းကြိုက်ပါတယ်။ အခုလိုအဖြစ်အပျက်မျိုးမှာကျတော့ နာကျင်ရပါတယ်။ အခုအချိန်မှာ ချန်ပီယံဖြစ်ဖို့မလုံလောက်ပေမယ့် နောက်တစ်ကြိမ်မှာ အနိုင်ရဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်”ဟု အာတီတာက ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်လတွင် လီဗာပူးနှင့် ဝက်စ်ဟမ်းအသင်းတို့ကို ဂိုးအသာဖြင့်ဦးဆောင်နိုင်ခဲ့ပြီးမှာ ၂ ဂိုးစီသရေကျသောပွဲများသည် အာဆင်နယ်အသင်းကို အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်စေခဲ့သည့် ပွဲများဖြစ်ကြောင်းလည်း အာတီတာက ပြောဆိုလိုက်သည်။






