ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အတွင်း ၄င်းတို့နဲ့ ရှေ့ဆင့်နောက်ဆင့် ရပ်တည်နေတဲ့ နယူးကာဆယ် အသင်းကို ၃ – ၂ ရလဒ်နဲ့ အနိုင်ရပြီး ၊ အထက်က ဥရောပဝင်ခွင့် ပြိုင်ဖက်တွေနဲ့ ရမှတ် ကွာဟချက် တချို့ လျှော့ချနိုင်ခဲ့ပါတယ် ။
ရှေ့တပတ်က ဘရန်းဖို့ဒ်ကို တဖက် ၂ဂိုးစီ သရေသာ ကစားနိုင်ခဲ့လို့ ဖိအားတွေအောက် ရောက်လာပြန်တဲ့ မော်ရစ်စီယို ပိုချက်တီနိုနဲ့ ချဲလ်ဆီးဟာ ဒီပွဲမှာ ပရိသတ်တွေ အနည်းငယ် စိတ်ကျေနပ်လောက်စေမယ့် တုန့်ပြန်မှုမျိုး ပြခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။
နည်းပြဆီကသာမက ၊ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာလည်း လူစားဝင်ခွင့်ကနေတဆင့် အာဆင်နယ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးသွင်းခဲ့ပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဂိုးပေါက် ပြန်ရှာတွေ့နိုင်ခဲ့ပါတယ် ။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက် တဦးက မူဒရစ် အနေနဲ့ ရှေ့လျှောက် ပွဲကစားခွင့်တွေ ဆက်တိုက် ရဖို့ ဘာတွေ လုပ်ရမလဲ ဆိုတဲ့ အမေးနဲ့ ပတ်သက်ကာ ၊ ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန် ဖြေကြားလာပါတယ် ။

ပိုချက်တီနို က ” ဒါက အရမ်းကောင်းတဲ့ ဂိုးတဂိုးပါ ။ သူဟာ တကယ်ကောင်းတဲ့ ဂိုးတဂိုးကို သွင်းယူခဲ့တာပါ ။ အရန်ခုံကနေ လူစားဝင်ခွင့် ရတဲ့ ကစားသမား တယောက်ဆီကနေ ဒါမျိုး ကျွန်တော်တို့ မျှော်မှန်းပါတယ် ။ ပွဲအပေါ် သက်ရောက်မှု တခုခုပေါ့ ။ ဒါဟာ ဒီနေရာအတွက် မတူညီတဲ့ ကစားသမားတွေ ပြိုင်ဆိုင်ကြခြင်းပါပဲ။ ”
” ဒီနေ့ပွဲမှာ သူ ခြေစွမ်းပြနိုင်ခဲ့ပြီး ၊ လူစားဝင်ခွင့်နဲ့လည်း ထိုက်တန်ခဲ့ပါတယ် ။ ကျွန်တော့ထက်စာရင် ဒါက သူ့ကို မေးဖို့ ပိုသင့်လျော်မယ့် မေးခွန်းမျိုးပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ အထောင်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ဟာလည်း ဒီရာသီ ပထမဆုံး အကြိမ် ၃ပွဲဆက် ဂိုးသွင်းယူလာနိုင်ခဲ့ပါတယ် ။
ဂျက်ဆင်ရဲ့ ခြေစွမ်း အပေါ် ပိုချက်တီနို က ” ဟုတ်ပါတယ် ။ ဒီကစားသမားတွေဟာ အင်္ဂလန် ပြင်ပကနေ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ရောက်လာကြတာကို ကျွန်တော်တို့ နားလည်ဖို့ လိုပါမယ် ။ သူတို့ဟာ ပရီးမီးယားလိဂ် အကြောင်း အရင်သိဖို့ လိုပါတယ် ။ နောက်ပြီး သူတို့ဟာ ကိုယ့်အသင်းဖော်တွေ စွမ်းဆောင်ပြဖို့ လိုတယ် ဆိုတာလည်း သိရပါမယ် ။ ”
” ဒါပေမယ့် သူ ဒီနေ့ပွဲမှာ အမှန်တကယ် ခြေစွမ်းပြခဲ့ပါတယ် ။ သူ့ရဲ့ ကြိုးစားအားထုတ်မှုက အမြဲ ရှိနေတာပါ ။ သူ့ရဲ့ pressing တွေ ၊ လုပ်အားနှုန်းတွေက ကြီးမားပါတယ် ။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိနေပြီး ၊ ပိုများတဲ့ ပွဲအရေအတွက်တွေ ကစားလာတာနဲ့ အမျှ အတွေ့အကြုံတွေနဲ့ အတူ ဂိုးပေါက်ရှေ့မှာ သူ ပိုပြီး တည်ငြိမ် ၊ အဆုံးသတ်ကောင်းလာမှာပါ ။ ”

” သူ့မှာ လုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ် ။ ဒါပေမယ့် သူဟာ ချဲလ်ဆီး အတွက် ဂိုးအများကြီး သွင်းပေးနိုင်တဲ့ တိုက်စစ်မှူး တယောက် ဖြစ်လာနိုင်တယ် ဆိုတာကို ကျွန်တော် ရှေ့ဆက် ယုံကြည်နေဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အဆုံးမှာတော့ ပိုချက်တီနိုက ဒီရာသီ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ နယူးကာဆယ်နဲ့ ပွဲက ဒုတိယ သွင်းဂိုးရှင် ကိုးလ်ပါလ်မာရဲ့ စွမ်းဆောင်ရည် အပေါ် အခုလို အကဲဖြတ် သုံးသပ်ခဲ့ပါတယ် ။
ပိုချက်တီနို က ” ဒီမှာကြည့်ပါ ။ သူ ဒီမှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြနေပါတယ် ။ သူဟာ ဒီကို အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးရက်မှ ရောက်လာခဲ့ပေမယ့် ၊ အသင်းနဲ့ နည်းပြ အဖွဲ့ရဲ့ တောင်းဆိုမှုတွေကို သူ လွယ်လွယ်ကူကူပဲ အံကိုက်အောင် ကစားပြနေပါတယ် ။ ”
” သူဟာ ကိုယ့်ရဲ့ အရည်အသွေး အစစ်အမှန်ကို ထုတ်ဖော်ပြသနေပြီး ၊ သူ့လို ကစားသမားမျိုး အသင်းမှာ ပိုင်ဆိုင်ခွင့် ရတာ ကောင်းပါတယ် ။ အရင်တုန်းက ဒီအသင်းမှာ ပျောက်ဆုံးနေတဲ့ ချိတ်ဆက်မှုတွေကို သူ လုပ်ပြနေပါတယ် ။ နေ့တိုင်း သူဟာ ပိုပိုပြီး ရင့်ကျက်လာပါတယ် ။ သူ့မှာ တိုးတက်နိုင်စရာတွေ ရှိနေသေးပေမယ့် ၊ ခုချိန်ထိ တကယ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






