ယာဂန်ကလော့ပ်က လီဗာပူးအသင်းကို အံ့အားသင့်ဖွယ် စွန့်ခွာလာပြီး သုံးလအကြာမှာပဲ ကွင်းဘေးစည်းဆီ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာဖို့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အသက်-၅၇ နှစ်အရွယ်နည်းပြက သူ့ရဲ့လက်ရှိတာဝန်ကိုစွန့်လွှတ်ကာ ဘောလုံးလောကမှထွက်ခွာမယ်လို့ ကြေညာခဲ့ရာ ဘောလုံးကမ္ဘာတစ်ခုလုံး အံ့သြတုန်လှုပ်သွားခဲ့ရပါတယ်။
မာဆေးဆိုဒ်ကလပ်အသင်းအကြီးအကဲအဖြစ် သူ့ရဲ့နောက်ဆုံးပွဲစဉ်က ပြီးခဲ့တဲ့မေလအတွင်း ဝုဗ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ် ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့အရိုက်အရာကို အန်းစလော့က ခံယူခဲ့ပါတယ်။ ဂျာမန်သားကြီးကတော့ သူ့ရဲ့နွေရာသီအားလပ်ရက်တွေကို ယူရို-၂၀၂၄ ဗိုလ်လုပွဲမှအစ တေလာဆွစ်ရဲ့တေးဂီတဖျော်ဖြေပွဲအထိ လှည့်ပတ်သွားလာရင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ပါတယ်။ ဒါ့အပြင် သူက စပိန်နိုင်ငံ၊ မာဂျောကာအရပ်မှာ နေအိမ်သစ်တစ်လုံးကိုလည်း ဆောက်လုပ်နေပြန်ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ကလော့ပ်က သူ့ရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ပစ်ဇ်ဆက်ခ်၊ ဘလက်ဇီကောစကီးတို့အတွက် နှုတ်ဆက်ပွဲစဉ်တစ်ခုမှာ အသင်းဟောင်းဒေါ့မွန်ကို ကိုင်တွယ်ရင်း ကွင်းဘေးစည်းနည်းစနစ်ဧရိယာဆီ ပြန်လာဖို့ အဆင်သင့်ရှိနေပါတယ်။ အခုနှုတ်ဆက်ပွဲစဉ်ကို စက်တင်ဘာ ၇ ရက်မှာ ကျင်းပသွားဖို့ရှိပြီး အခုပွဲစဉ်နဲ့ပတ်သက်လို့ ရယ်ရွှင်ဖွယ်ရုပ်သံဗီဒီယိုတစ်ခုကို ဒေါ့မွန်အသင်းက Instagram လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီဗီဒီယိုကို အခုနှုတ်ဆက်ပွဲစဉ်မှာ အသင်းနှစ်ခုလုံးကို ကိုင်တွယ်မယ့် နည်းပြတစ်ဦးရှာဖွေနေတဲ့ ဒေါ့မွန်ကစားသမားဟောင်းနှစ်ဦးနဲ့အတူ စတင်ထားပါတယ်။ ပစ်ဇ်ဆက်ခ်က ဘလက်ဇီကောစကီးဆီ “ ကိုယ့်လူရေ၊ ငါတို့တော့ နှုတ်ဆက်ပွဲစဉ်တစ်ခုကစားရမယ်ဆိုတာ မင်းလည်း သိတယ်မဟုတ်လား? ငါတို့အတွက် နည်းပြတစ်ဦး လိုအပ်နေတယ်။ ဒီအတွက် ငါ့မှာ အကြံတစ်ခုရှိတယ်။ ငါတို့တွေ အနားယူသွားတဲ့နည်းပြတစ်ဦးဆီ ခေါ်ကြည့်ကြမယ်”လို့ ပြောပါတယ်။

ချက်ချင်းဆိုသလိုပဲ အဖြူရောင်တီရှပ်၊ နေကာမှန်ကာဝတ်ဆင်ကာ ပြုံးပန်းဝေနေတဲ့ ကလော့ပ်တစ်ယောက် အခုဗီဒီယိုcallခေါ်ဆိုမှုအစီအစဉ်ဆီ ရောက်ရှိလာခဲ့ပါတယ်။ ကလော့ပ်က “ နောက်ဆုံးတော့ မင်းတို့လည်း နှုတ်ဆက်ပွဲစဉ် ကစားရတော့မှာပေါ့။ အိုး… ဘုရားသခင်၊ မင်းတို့တွေ နှုတ်ဆက်ပွဲစဉ်မတိုင်ခင် လေ့ကျင့်ချင်နေကြတယ်ပေါ့။ မင်းတို့တွေ ကြမ်းလှချည်လားကွ?”လို့ ပြောလိုက်ပါတယ်။
ကလော့ပ်ရဲ့အခုလိုပြောဆိုလိုက်မှုကြောင့် ဒေါ့မွန်ကစားသမားဟောင်းနှစ်ဦးလုံး ရယ်မောသွားကြပြီး သူတို့နည်းပြဟောင်း ဘယ်အသင်းကို ရွေးချယ်ကိုင်တွယ်မလဲဆိုတာ စောင့်ဆိုင်းနေခဲ့ပါတယ်။ ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ မသိသေးတဲ့ ကလော့ပ်က “ ငါတော့ဖြင့် သိပ်တော့လည်း ဂရုမစိုက်လှပါဘူး။ အရင်တုန်းကလိုမျိုးပဲ ဆက်လုပ်သွားရမှာပဲ။ ဒီအတွက် ငါးမိနစ်လောက်တော့ အချိန်ပေးကြပါဦး။ ဒီပွဲအတွက် လက်မှတ်တွေ ရောင်းကုန်သွားပြီလား? ဘယ်လိုပဲဖြစ်ဖြစ် လူကိုယ်တိုင်မလာဖြစ်ရင်တောင် လက်မှတ်တစ်စောင်လောက်တော့ ဝယ်ပြီး အားပေးရမှာပေါ့”လို့ ဆက်ပြောခဲ့ပါတယ်။

ဂျာမန်သားကြီးက ဒေါ့မွန်အသင်းမှာရော၊ လီဗာပူးအသင်းမှာပါ ဆုဖလားအောင်မြင်မှုတွေရယူပြီး အသင်းနှစ်ခုလုံးရဲ့ဂန္တဝင်နည်းပြကြီးအဖြစ် မှတ်တမ်းတင်ခံထားရပါတယ်။ သူက ပြီးခဲ့တဲ့လ၊ နိုင်ငံတကာဘောလုံးနည်းပြညီလာခံအတွင်းမှာလည်း ဘောလုံးလောကမှထွက်ခွာသွားတဲ့ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုပေးခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ထွက်ခွာမှုနဲ့အတူ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြနေရာလစ်လပ်မှုအပါအဝင် ကမ်းလှမ်းမှုများစွာရှိခဲ့ပေမယ့် ကလော့ပ်ရဲ့ဆုံးဖြတ်ချက်က အပြောင်းအလဲမရှိခဲ့ပါဘူး။

ဒါပေမယ့် အခုလိုနှုတ်ဆက်ပွဲစဉ်တစ်ခုထက်တော့ ကလော့ပ်ကို အားကစားလောကဆီ ပြန်လည်ဝင်ရောက်လာဖို့ ဆွဲဆောင်ပေးနိုင်တဲ့အရာ မရှိနိုင်တော့ပါဘူး။ လီဗာပူးဂန္တဝင်ကြီးက “အခုအချိန်မှာတော့ အလုပ်တာဝန်နဲ့ပတ်သက်ပြီး ဘာစာချုပ်စာတမ်းမှ မရှိနေပါဘူး။ ဘယ်ကလပ်အသင်းမဆို၊ ဘယ်နိုင်ငံ့လက်ရွေးစင်အသင်းမဆို ကိုင်တွယ်သွားမှာမဟုတ်ပါဘူး။ အကယ်၍ အခုအချိန်မှာ မင်းတို့အတွက် ခြွင်းချက်တစ်ခုအဖြစ် ငါ အလုပ်ပြန်လုပ်မယ်လို့ ပြောလိုက်ရင် ဘောလုံးလောကသမိုင်းတလျှောက် မျက်နှာပျက်စရာအကောင်းဆုံးကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ အေးလေ၊ ငါလည်း အလုပ်လေးတွေ ပြန်လုပ်ရတော့မှာပေါ့။ ငါက ကွင်းသေးသေးလေးထဲမှာ တင်းနစ်ကစားဖို့၊ မြေးတွေနဲ့ပဲ အချိန်ဖြုန်းရဖို့ဆိုတဲ့ အသက်အရွယ်မျိုး မရောက်သေးပါဘူး။ ငယ်ပါသေးတယ်။ ဒါက နည်းပြအလုပ် ပြန်လုပ်ဖို့ ပြောနေတာလား? ဒီလိုမျိုး အဓိပ္ပါယ်သက်ရောက်သွားမယ်ဆိုရင်တော့ ငြင်းဆန်ရမှာပဲ”လို့ ဆိုပါတယ်။






