UFC 304 ပြိုင်ပွဲကို ချန်ပီယံ စိန်ခေါ်ပွဲ မကျေပွဲတွေ အားပြုထားတဲ့ ပြိုင်ပွဲလို့ ခေါင်းစဉ်တပ်မယ် ဆိုရင် ၊ UFC 305 က ပွဲဝေးနေတဲ့ သမုဒ္ဒရာပိုင်းဇုံက ဖိုက်တာတွေ အဌဂံဝိုင်းအတွင်း ပြန်လာကြတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပါတယ်။
အဓိက ခေါင်ပွဲကြီး အဖြစ် အစ်ဇီ vs ဒူပလက်ဆစ် တို့ က မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ် စိန်ခေါ်ပွဲ ထိုးကြမှာပါ။ အစ်ဇီ ဟာ မထင်မှတ်ပဲ ရှောင်စထရစ်ခ်လန်း ကို ရှုံးလို့ အနားယူနေတာ တစ်နှစ်တောင် ပြည့်ခါနီးပါပြီ။ အခုမှ ပြန်ထိုးတာပါ။

Co Main ပွဲ ထိုးမယ့် ကိုင်ကာရာ ဖရန့် လဲ ဒဏ်ရာပြသနာတွေ ဆက်တိုက် နှိပ်စက်လို့ အနားယူနေတာ တစ်နှစ်ကျော်ပါပြီ။ အခုမှ ပွဲ ပြန်ထိုးတာပါ။
နောက်ထပ် အိမ်ရှင် ဖိုက်တာလို့ ပြောရမယ့် ဒန် ဟွပ်ကာလဲ ထိုနည်းတူစွာပါပဲ။ ဂျေလင် တာနာ နဲ့ Fight of the Year ဆန်ကာတင် စာရင်းဝင် ပွဲမျိုး အကြိတ်နယ် ဆော်လိုက်ရလို့ ၊ နားနေရတာ တစ်နှစ်တောင် ကျော်ပါပြီ။
Main Card ခေါင်းစဉ်အောက်က ပွဲ အဝေးဆုံး ဖိုက်တာက တရုတ်ကြီး လီ ဂျင်လျှံ ဖြစ်ပါတယ်။ သူလဲ ဒဏ်ရာပြသနာတွေ နှိပ်စက်လို့ ဆက်တိုက် ပွဲပျက်ပြီး ၊ 2 နှစ် ဝန်းကျင်လောက် ပွဲဝေးခဲ့သူပါ။

ဒါ့ကြောင့် UFC 305 ဟာ ပွဲဝေးနေတဲ့ ဖိုက်တာတွေ ပြန်ထိုးကြတဲ့ ပြိုင်ပွဲမျိုး ဖြစ်ပါတယ်။
UFC မှာ ရှုံးပွဲ မရှိသေးတဲ့ ဒူပလက်ဆစ်က ဆက်ပြီး အောင်ပွဲ ခံမလား ၊ အစ်ဇီ ကပဲ နောက်တစ်ကြိမ် ပြန်သိမ်းပိုက်ပြမလား စောင့်ကြည့်ရမှာပါ။
ဒီပြိုင်ပွဲက သြဇီ မှာ ကျင်းပမှာ ဖြစ်လို့ မြန်မာ ပရိသတ်တွေ အတွက် အချိန်အားဖြင့် ကသိကအောက် သိပ်မနိုင်ပါဘူး။
Prelims ပွဲတွေကို လာမယ့် သြဂုတ်လ 18 ရက် ၊ တနင်္ဂနွေနေ့ မနက် မြန်မာစံတော်ချိန် 5.00 နာရီ မှာ စတင်မှာပါ။ Main Card ပွဲတွေကိုတော့ 8.30 နာရီ မှာ စတင် ကျင်းပမှာ ဖြစ်ပါတယ်။