ချဲလ်ဆီး အသင်းဟာ မနက်ဖြန် မနက်မှာ တတိယမြောက် ခြေစမ်းပွဲ အဖြစ် မက္ကဆီကို ကလပ် ကလပ် အမေရိက အသင်းနဲ့ ရင်ဆိုင် ကစားသွားဖို့ ရှိပါတယ် ။ နည်းပြသစ် အန်ဇို မာရက်စ်ကာဟာ ရှေ့၂ပွဲမှာ ကစားသမား အားလုံးနီးနီးကို အလှည့်ကျစနစ်နဲ့ စမ်းသပ် ကစားခွင့် ပေးခဲ့ပါတယ် ။
သို့ပေမယ့် ဒီနွေရာသီ ဈေးကွက် အတွင်း လက်စတာကနေ ပေါင်သန်း ၃၀နဲ့ ခေါ်ယူထားတဲ့ အင်္ဂလန် ကွင်းလယ်လူ ကီနန် ဒယူးစ်ဘူရီဟောကတော့ ဒဏ်ရာ အသေးစာ တခု ရခဲ့တာကြောင့် အခုထိ အသင်းသစ် အတွက် ကစားခွင့် လုံးဝ မရသေးပါဘူး ။
ကလပ် အမေရိကနဲ့ ပွဲဟာ ဒယူးစ်ဘူရီဟောရဲ့ ခြင်္သေ့ပြာ ကစားသမား ဘဝ ပထမဆုံးပွဲ ဖြစ်လာနိုင်ခြေ ရှိနေကာ ၊ အန်ဇို မာရက်စ်ကာကတော့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ၎င်းရဲ့ ကြံ့ခိုင်မှု အခြေအနေ အကြောင်း အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

မာရက်စ်ကာ က ” ကီနန်ဟာ နောက်ဆုံးမှာတော့ ကျွန်တော်တို့နဲ့ အတူ ပြန်လာနိုင်ပါပြီ ။ သူဟာ တချို့သော လေ့ကျင့်ရေး အစီအစဉ်တွေကို ပြုလုပ်နေပါတယ် ။ မနက်ဖြန်ပွဲကို သူ ပါဝင်နိုင်ပါတယ် ။ ဒါက သတင်းကောင်း တရပ်ပါ ။ ”
” ကြံ့ခိုင်မှု တိုးတက်ဖို့ အနေအထားတွေ အရတော့ ဒီထက် ပိုကောင်းလာဖို့ မျှော်လင့်ရပါတယ် ။ ဘာလို့လဲဆိုတော့ ကစားသမား တချို့ဟာ လွန်ခဲ့တဲ့ ၂ရက် ၊ ၃ရက်ကပဲ ၄၅မိနစ်စီ ဒါမှမဟုတ် ၊ တနာရီလောက် ကစားခဲ့ရသလို ၊ တချို့ကလည်း မိနစ် ၉၀အထိ ကစားထားပြီးမို့ပါ ။ ”
” သူတို့ ( ကလပ် အမေရိက ) ဟာ ဘောလုံးရာသီ စတင် ယှဉ်ပြိုင်နေပြီမို့ သေချာတာကတော့ သူတို့ဟာ ကျွန်တော်တို့ထက် ကြံ့ခိုင်မှုအရ အသာစီး ရနေပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကိုယ့်လမ်းစဉ်ကို ဆက်လျှောက်ဖို့ လိုပြီး ၊ ဘောလုံး ခြေထဲ ရှိတဲ့အချိန်ရော ၊ မရှိတဲအချိန်တွေမှာပါ ရာသီသစ် စတင်တဲ့ အတိုင်း ဖြစ်လာအောင် ကြိုးစားဖို့ လိုပါတယ် ။ ”

” ကျွန်တော်တို့ဟာ မနက်ဖြန်ပွဲ သို့မဟုတ် နောက်လာမယ့်ပွဲတွေကိုပါ လေ့ကျင့်ရေး အစီအစဉ် တခုလို မှတ်ယူပြီး ၊ ဘာတွေ တိုးတက်အောင် လုပ်မလဲ ဆိုတာ စောင့်ကြည့်သွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ချဲလ်ဆီးဟာ ကစားသမားသစ် ခေါ်ယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေသလို ၊ ကစားသမား ရောင်းချမှုတွေလည် ခပ်သွက်သွက် ဖြစ်လာရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၊ မနေ့ကတော့ ကွင်းလယ်လူ ကော်နာ ဂေါ်လဂါကို အက်သလက်တီကိုသို့ ပြောင်းရွှေ့ဖို့ အရေး ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ် ။
အသက် ၂၄နှစ် အရွယ်ရှိ ယင်းအင်္ဂလန်လက်ရွေးစင်ဟာ ချဲလ်ဆီးမှာ ဆက်ကစားချင်သည့်တိုင် ၊ ကလပ်ဖက်က စာချုပ်သက်တမ်းတိုးခွင့် မပေးတော့သလို ၊ လက်ကျန် စာချုပ် တနှစ်ပဲ ကျန်တော့တဲ့ အချိန်မှာ မဖြစ်မနေ အသင်းပြောင်းရမယ့်လမ်းကိုပဲ ရွေးချယ်ရဖို့ များနေပါတယ် ။
ဂေါ်လဂါရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးလည်း မာရက်စ်ကာ က ” လောလောဆယ်တော့ ကော်နာဟာ ကျွန်တော်တို့ ကော့ဘ်ဟမ်း ပြန်လာတဲ့ အချိန်မှ ပူးပေါင်းမှာပါ ။ ခုကတည်းက သူ ကော့ဘ်ဟမ်းကို ရောက်နေနိုင်သလို ၊ လာမယ့် ရက်အနည်းငယ်မှာ ကိုးလ် ( ပါလ်မာ ) ၊ မာ့ခ် ( ကူကူရယ်လာ ) တို့နဲ့ တခုခု လုပ်နေပါလိမ့်မယ် ။ ”
” ပြီးရင်တော့ သူ ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်မှာပါ ။ အပြောင်းအရွှေ့ ဈေးကွက်က ဖွင့်ထားဆဲမို့ ၊ ကံမကောင်းစွာနဲ့ပဲ ဘာမဆို ဖြစ်လာနိုင်ပါတယ် ။ ဒါက ကော်နာ အတွက်မှ မဟုတ်ပါဘူး ။ ကစားသမားတိုင်း အတွက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






