အာဆင်နယ် အသင်းဟာ ဒီနေ့ မနက်မှာ ပြီးဆုံး ခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံး နေ့ရက်မှာ ချဲလ်ဆီး အသင်းကနေ ဂျော်ဂျင်ဟို ကို ခေါ်ယူ ခဲ့ပြီး အသင်းက လူငယ် ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါ ကို ခရစ္စတယ်ပဲလေစ့် အသင်းထံ ရာသီကုန် အထိ အငှား ပြန်ချ ခဲ့ပါတယ် ။

လိုကွန်ဂါ ဟာ ကနဦးမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းနေတဲ့ အာဆင်နယ် အသင်း ကနေ ထွက်ခွာဖို့ ဒွိဟ ဖြစ်နေ ခဲ့ပေမယ့် ဂန်းနား ဂန္တဝင်လည်း ဖြစ်တဲ့ ပဲလေစ့် နည်းပြ ဗီအဲရာ နဲ့ စကားပြော အပြီးမှာတော့ ဆုံးဖြတ်ချက် ကို ခိုင်ခိုင်မာမာ ချနိုင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
” အာဆင်နယ် ကနေ ထွက်ခွာရတာ တကယ်တော့ မလွယ်ကူပါဘူး ၊ ခင်ဗျားတို့လည်း မြင်ကြမှာပါ သူတို့က ဇယား ထိပ်ဆုံး ရောက်နေတဲ့ အသင်းလေ ၊ ဒါပေမယ့် အသင်း က ထွက်ခွာဖို့ ဆုံးဖြတ်ရာမှာ ကျနော့်အတွက် အဓိက ကျခဲ့တာ က ပဲလေစ့်နည်းပြ ဖြစ်သူရဲ့ကျနော့် အပေါ် ယုံကြည်မှု ကြောင့်ပါ ။ ”

” ကျနော် သူ(ဗီအဲရာ) နဲ့ ဖုန်းပြော ဖြစ်ခဲ့ပါတယ် ။ ပဲလေစ့်ကို ပြောင်းတာက ကျနော့် အရည်အသွေးကို ထုတ်ဖော် ပြသဖို့ အခွင့် အလမ်းကောင်း တစ်ခုပါပဲ ၊ ပဲလေစ့် အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် ကူညီ ပေးချင်ပါတယ် ။ သူ(ဗီအဲရာ)ကလည်း ကျနော့်ကို ကြိုဆိုကြောင်း ပြောခဲ့ပါတယ် ။ ”
” ကျနော် အခုထက် ပိုကောင်းလာအောင် သူ သေချာပေါက် တွန်းအား ပေးတော့မှာပါ ၊ ကျနော် စိတ်လှုပ်ရှား ရင်ခုန် နေပါတယ် ။ ကျနော် ပွဲကစားချိန် မိနစ် အချို့ ရချင်ပါတယ် ၊ အသင်း နဲ့ အတူ ရောက်နိုင် သလောက် ရောက်အောင် သွားချင်ပါတယ် ၊ ဘယ်နှစ်ပွဲ ကစားခွင့် ရဖို့ မှန်းထားသလဲ မပြောချင်ပါဘူး ၊ ဒါပေမယ့် ကိုယ်ကိုယ့်ကို အစွမ်းကုန် တွန်းအားပေးပြီး အသင်း ထိပ်ဆုံးရောက်အောင် ကူညီချင်ပါတယ် ။ ”

” အဆင့် ဘယ်လောက် ရဖို့ မှန်းထားသလဲလည်း မပြောချင်ပါဘူး ၊ ကျနော်တို့ တစ်ပွဲချင်း ချဉ်းကပ်ပီး ရှေ့ဆက်ရမှာပါ ။ ပွဲတိုင်းကို အနိုင် ရအောင် ကစားဖို့ ချဉ်းကပ်ရပါမယ် ၊ ကျနော် ကြံ့ခိုင်မှု ပြည့်ဝ နေပါပြီ ၊ လိုအပ်ရင် လာမယ့် စနေနေ့မှာ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
ဘယ်ဂျီယံ ကွင်းလယ်လူ လိုကွန်ဂါ ဟာ၂၀၂၁ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ အန်ဒါလက်ရှ် အသင်းကနေ အာဆင်နယ် အသင်းဆီ ပေါင် ၁၇.၂ သန်း နဲ့ ရောက်လာ ခဲ့တာ ဖြစ်ပါတယ် ။ လိုကွန်ဂါ ဟာ အသင်းကို စရောက်ကတည်းက အရန် ကစားသမား အဖြစ်သာ ကစားနေရသူ ဖြစ်ပီး ယူရိုပါလိဂ် နှင့် ဖလားပွဲအချို့မှာသာ ပွဲထွက် ကစားနေရတာပါ ။