ယူနိုက်တက်အသင်းလက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာဟာ ကစားသမားတွေက သွင်းဂိုးအလုံအလောက် သွင်းယူနိုင်ခြင်းမရှိတာ ဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ်က ထောက်ပြပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီအပတ်အတွင်းမှာ တွမ်တီအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွင် တဖက်တစ်ဂိုးစီရလဒ်ဖြင့် သရေကျခဲ့ပြီး ရာသီအစောပိုင်းကာလအတွင်း နောက်ထပ်စိတ်ပျက်ဖွယ်ရလဒ်တစ်ခုကို ထပ်မံရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ပထမဦးဆုံး(၅)ပွဲမှာ ဖူဟမ်အသင်း၊ ဆောက်သမ်တန်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်၂ပွဲသာ အနိုင်ရရှိထားသေးပြီး ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ထားရာမှာတော့ ဂိုးမရှိသရေရလဒ်သာ ရရှိခဲ့ပြန်ပါတယ်။

လောလောဆယ်မှာတော့ ယူနိုက်တို့ဟာ အမှတ်ပေးဇယား အဆင့်၁၁နေရာမှာ ရှိနေတာဖြစ်ပြီး ဒီတပတ် တနင်္ဂနွေနေ့မှာတော့ သူ့တို့ရဲ့အပေါ်တစ်ဆင့်ကအသင်းဖြစ်တဲ့ အဆင့်၁၀နေရာက တော့တင်ဟမ်အသင်းကို အိမ်ကွင်းမှာ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကတော့ သူ့အသင်းမှာ ကြုံတွေ့နေရတဲ့ အဓိကပြဿနာဟာ ဂိုးပေါက်ရှာဖွေနိုင်ခြင်းမရှိတာလို့ ယုံကြည်နေခဲ့တာလည်း ဖြစ်ပါတယ်။

တန်ဟတ်က “ဂိုးမသွင်းနိုင်ခြင်းပါပဲ။ ပြဿနာက အဲ့ဒါပါပဲ။ အဓိကက အသင်းတစ်သင်းအနေနဲ့ သွင်းဂိုးတွေ ပိုမိုသွင်းယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းလုံးမှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ ကစားသမားတွေ အများကြီးရှိတာလည်း သိသာနေတာပဲလေ။ ကျွန်တော်တို့အနေနဲ့ အခွင့်ရေးကောင်းတွေအများကြီး ဖန်တီးနိုင်ခဲ့ရဲ့သားနဲ့ သွင်းဂိုးတွေကိုတော့ လုံလုံလောက်လောက် သွင်းယူနိုင်ခြင်းမရှိတာကို တွေ့နေရပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်အသင်းကတော့ ဒီတစ်ပတ်တနင်္ဂနွေနေ့တွင် စပါးအသင်းနဲ့ရင်ဆိုင်ရမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ဖို့ မျှော်မှန်းထားကြပါတယ်။