ချဲလ်ဆီး အသင်းဟာ ယနေ့ မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်းကို ၂ – ၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ အဆင့် ၆ နေရာက မန်ချက်စတာ ယူနိုက်တက်နဲ့ ၃မှတ် အကွာကို ရောက်လာပြီး ၊ လာမယ့် ရာသီ ဥရောပ ဝင်ခွင့် တနေရာ အတွက် မျှော်လင့်ချက် တချို့ အသက်သွင်းနိုင်ခဲ့ပါတယ် ။
ဒီပွဲ မတိုင်ခင် ချဲလ်ဆီးမှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေ ရင်ဆိုင်ထားရတဲ့ ကစားသမား အရေအတွက် ၁၄ဦးအထိ ရှိခဲ့တာကြောင့် ၊ အရန်ခုံတန်းမှာ အကယ်ဒမီ လူငယ်တွေနဲ့ ပြည့်နှက်ခဲ့တာကို တွေ့ရပါတယ် ။
သို့ပေမယ့် စတမ်းဖို့ဒ်ဘရစ်ခ်ျ်မှာဆို တော့တင်ဟမ်ကို ငယ်နိုင်သဖွယ် သဘောထားကစားတဲ့ ခြင်္သေ့ပြာတို့ အဖို့ ဒါဟာ ထုံးစံ နိုင်ပွဲ တပွဲ စွမ်းဆောင်သွားခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ် ။ လူမစုံပေမယ့် အသင်းလိုက် ကစားပုံကောင်းတွေ ၊ တဦးချင်း စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ် ။
အထူးသဖြင့် ဂိုးမသွင်းနိုင်ခဲ့သည့်တိုင် ညာတောင်ပံတိုက်စစ်မှ အင်္ဂလန် ယူ၂၁ ကြယ်ပွင့် နွန်နီ မက်ဒူးကီဟာ ငယ်ဘဝကလပ် တော့တင်ဟမ် ခံစစ်ကြောင်း တခုလုံးကို မွှေနှောက် ဒုက္ခပေးသွားခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ၄င်းရဲ့ စွမ်းဆောင်ရည်ဟာ မယုံနိုင်ဖွယ်ကောင်းခဲ့ကြောင်း ချီးကျူးသွားပါတယ် ။

ပိုချက်တီနို က ” ဂျေဆုစ် ( ပီရက်ဇ် ) နဲ့ ကျွန်တော်တို့ဟာ အသင်းရဲ့ ပင်ကိုဟန်နဲ့ ပတ်သက်ပြီး အများကြီး ဆွေးနွေးခဲ့ဖူးပါတယ် ။ ဒီနေ့ပွဲမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ ကစားသမား အစုအဖွဲ့ဟာ ဒဏ်ရာ ပြဿနာ ကင်းရှင်းနေတဲ့သူတွေ ဖြစ်ပြီး ၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုပ်အားနှုန်းကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ”
” ရာသီအစပိုင်းမှာ ကျွန်တော် ခံစားခဲ့ရတဲ့ အရာတွေက မတူညီတဲ့ အခြေအနေတွေ ၊ အကြောင်းအရင်းတွေကြောင့် ဖြစ်ပြီး ၊ ဒါက နည်းနည်းတော့ ကံမကောင်းခဲ့ဘူး ဆိုတာ အမှန်ပါပဲ ။ ကျွန်တော်တို့ဟာ ( ဒဏ်ရာကင်းစင်တဲ့ ) အသင်း တသင်း အနေနဲ့ ဘယ်တော့မှ အလုပ်မလုပ်ခဲ့ရပါဘူး ။ ”
” ဒါက ကွင်းတွင်းမှာ ရာနှုန်းပြည့် အကောင်းဆုံး စွမ်းဆောင်နိုင်စေဖို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့
ကစားသမား အစုအဖွဲ့ တခု ဖြစ်အောင် ဖန်တီးရတာ မလွယ်ကူစေပါဘူး ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း ကျွန်တော်တို့ဟာ ဒီဟန်ချက်ကို ရှာဖွေနေခဲ့တာပါ ။ ”
” လူတွေ အနေနဲ့ ဒါက တည်ဆောက်နေဆဲ အခြေအနေ ဆိုတာ နားလည်စ ပြုနေပါပြီ ။ ဒီအတွက် ခင်ဗျား အချိန် လိုပါတယ် ။ နွန်နီ မက်ဒူးကီဆို ဒီနေ့ပွဲမှာ မယုံနိုင်ဖွယ်ပါပဲ ။ ရာသီ အစကတည်းက ခင်ဗျား သူနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ခဲ့မယ်ဆိုရင် ၊ ဥပမာ – သူ့ရဲ့ ပြောဆိုပုံတွေ ၊ စကေး ဗီဒီယိုကလစ်အတိုမျိုးတွေပေါ့ ။ ”
” သူဟာ ဘောလုံး ခြေထဲမှာ ရှိနေချိန် အံ့သြဖွယ် စွမ်းဆောင်ပြနိုင်ကြောင်း ဒီနေ့ပွဲမှာ ပြသခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ သူဟာ တိုက်စစ်အားသန် ကစားသမား တယောက်ပါ ။ ဒါပေမယ့် ဘောလုံး ခြေထဲ မရှိတဲ့ အချိန်မှာလည်း သူဟာ အယ်ဖီ ( ဂီးလ်ခရစ် ) ခံစစ်အတွက် ကူညီပေးပြီး အံ့သြဖွယ် စွမ်းဆောင်နိုင်ခဲ့ပါတယ် ။ ”
” ဒါဟာ ကျွန်တော်တို့ အနာဂတ် အတွက် လိုအပ်တဲ့ အရာပါ ။ ဒီ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စိတ်ဓာတ်ခံယူချက် တည်ဆောက်ဖို့ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






