Friday, March 13, 2026
spot_img
spot_img

‘ တူချယ်ကြောင့် ချဲလ်ဆီး တန်းဆင်းဇုန်ထဲ မရောက်သေးတာပါ ‘ – ကန်ဒီ

ချဲလ်ဆီး အသင်းဟာ လက်ရှိ ဒီရာသီ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၂ပွဲ ကစားထားပြီးရာ ၊ ရမှတ် ၃၉မှတ်သာ စွမ်းဆောင်ထားနိုင်ပြီး အဆင့် ၁၁ နေရာကို ရောက်နေပါတယ် ။ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေလို့ လက်ကျန်ပွဲတွေက အဓိပ္ပာယ် မရှိတော့ဘူးလို့ ထင်ရပေမယ့် ၊ ခြင်္သေ့ပြာတို့ အတွက် တန်းဆင်းဇုန် အန္တရာယ်ကနေ အပြည့်အဝ မလွတ်ကင်းသေးပါဘူး ။

လက်ကျန် ၆ပွဲမှာ အနည်းဆုံး တပွဲတလေတော့ အောက်ထစ် အနိုင်ကစားဖို့ လိုနေသေးတဲ့ ချဲလ်ဆီးဟာ အခု လက်ရှိ ခြေစွမ်း အရ နိုင်ဖို့ထက် ၊ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတာကြောင့် ၆ပွဲကနေ သရေ ၃ပွဲ ယူဖို့ကသာ ပိုပြီး လက်တွေ့ကျမယ့် အနေအထားမျိုး ဖြစ်နေပါတယ် ။

ဒါ့အပြင် ချဲလ်ဆီး အတွက် ပိုဆိုးစေတာက Top 4 အသင်းတွေ ၊ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ဖို့ ကျန်နေခြင်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘရန်းဖို့ဒ်နဲ့ ပွဲအပြီးမှာတော့ ချဲလ်ဆီး ပရိသတ်တွေဟာ အသင်းအပေါ် ပိုပြီး စိတ်ပျက်လာပြီး၊ နောက်ထပ် ကွင်းတွင်း boo အသံတွေနဲ့ နှုတ်ဆက်ခဲ့ကြပါတယ် ။

ချဲလ်ဆီး ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဂျေဆင် ကန်ဒီကတော့ ၄င်းတို့ဟာ လက်ကျန်ပွဲတွေကနေ တမှတ်တောင် ယူနိုင်မယ် မထင်တော့ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရင်း ၊ ဒီရာသီအစပိုင်း နည်းပြဟောင်း သောမတ်စ် တူချယ် ယူပေးခဲ့တဲ့ ရမှတ်တွေကြောင့်သာ တန်းဆင်းဇုန် တိုက်ပွဲ မဝင်နေရတာ ဖြစ်ကြောင်း သုံးသပ်သွားပါတယ် ။

Talksport နဲ့ တွေ့ဆုံခဲ့ရာမှာ ကန်ဒီ က ” ကျွန်တော်ဆို ဒီလို ရှုံးပွဲတွေနဲ့ ထုံနေပါပြီ ။ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဖြစ်နေတဲ့ အရာတွေနဲ့ ထိတွေ့ရတာ ကျွန်တော့ အတွက် ရိုးအီနေပါပြီ ။ အဲလောက်ထိကို ချဲလ်ဆီး အသင်းဟာ အစကနေ အဆုံး လွဲနေတာပါ ။ ”

” ဒီနေ့ညပွဲဆိုရင် သရေက ကျွန်တော်တို့ အမြင့်ဆုံး ယူနိုင်ခဲ့မယ့် ရလဒ်မျိုး ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ အဲလောက်ထိကို ပုံဆိုးပန်းဆိုး ဖြစ်နေတာပါ ။ ကစားသမားတွေ အကြောင်း ခဏ မေ့ထားပါဦး ။ ကလပ်ကိုက ပုံပျက်ပန်းပျက် ဖြစ်နေတာပါ ။ ဒီအတွက် ပြေးစရာ နေရာ မရှိပါဘူး ။ ”

” ဒီရာသီ လက်ကျန်ပွဲတွေမှာ ကျွန်တော်တို့ တမှတ်တောင် ယူနိုင်လိမ့်မယ်လို့ မထင်ပါဘူး ။ အကောင်းဆုံး အရာက ကျွန်တော်သာဆိုရင် ဒီရာသီ မြန်မြန် ပြီးဆုံးတာနဲ့ အားလုံး အသစ်က ပြန်စရပါမယ် ။ တန်းမဆင်းရသ၍ပေါ့ ။ ကျွန်တော်တို့ ၃၉မှတ် ရထားပါတယ် ။ နောက်ထပ် တမှတ်တောင် ရမယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒါ ရိုးရိုးသားသား ပြောတာပါ ။ ”

” အကယ်၍ လက်ကျန်ပွဲက ၁၂ပွဲ ရှိမယ်ဆိုကြပါစို့ ၊ ဒါဆို ကျွန်တော်တို့ တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေရလောက်ပါပြီ ။ ဒါကို ကျွန်တော် ပေါ့ပေါ့တန်တန် ပြောနေတာ မဟုတ်ပါဘူး ။ သောမတ်စ် တူချယ်ကြောင့်သာ ကျွန်တော်တို့ရဲ့ လက်ရှိ ရာသီ အိုကေနေသေးတာပါ ။ ”

” သူသာ ၁၀မှတ် အပို မစွမ်းဆောင်ပေးထားရင် ၊ ကျွန်တော်တို့ တန်းဆင်းဇုန်ထဲ ရောက်နေပါပြီ ။ ဒါကို ပြောရ ၊ လက်ခံရ ခက်ပေမယ့် ဘောလုံးကလပ် တသင်း အနေနဲ့ ဒီရာသီ မြန်မြန်ပြီးအောင်သာ အဆုံးသတ်လိုက်ပါတော့ ။ ဒါက တကယ့် ကပ်ဆိုး ဖြစ်နေပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments