အိုင်းယက်စ် ကွင်းလယ်လူဟောင်း အီမန်နျူရယ်ဆင် က တင်ဘာ အနေနဲ့ ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် အစား အာဆင်နယ် ကို ပြောင်းရွှေ့ ကစားသင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။
ဒတ်ချ် လက်ရွေးစင် ဟာ ဒီနှစ်တွေ အတွင်းမှာ အိုင်းယက်စ် အတွက် ခြေစွမ်းပြ ကစားနေတဲ့ versatile နောက်ခံလူ တစ်ဦး ပါ ၊ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ဟာ မနှစ်က အန်တိုနီ ကို ခေါ်ချိန်မှာ တင်ဘာ ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ဖူးပြီး အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး ။

ဒီနွေမှာတော့ အာဆင်နယ် အသင်းဟာ တင်ဘာ ကို ခေါ်ယူဖို့ ချိတ်ဆက် နေပြီး ပေါင် သန်း ၃၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ် ထားခဲ့ပြီး ဖြစ်ပါတယ် ။ ဒါပေမယ့် အိုင်းယက်စ် ဘက်က ပေါင် သန်း ၅၀ ဝန်းကျင် အလို ရှိနေတာကြောင့် ဆက်လက် ဆွေးနွေး ညှိနှိုင်း ရဖို့ ရှိပြီး ကစားသမား နှင့် အာဆင်နယ် ကြားမှာတော့ သဘောတူညီမှု ရထားပြီးပါပြီ ။
အိုင်းယက်စ် အတွက် ပွဲပေါင်း ၂၅၀ ကျော် ကစားပေးခဲ့တဲ့ အီမန်နျူရယ်ဆင် ကတော့ အာဆင်နယ် အသင်းဟာ တင်ဘာ အတွက် သင့်တော် ကောင်းမွန်တဲ့ ကလပ် အသင်း ဖြစ်တာကြောင့် ပြောင်းဖို့ကို နှစ်ခါပြန် စဉ်းစား မနေသင့်ကြောင်း Voetbal Primeur မှာ ပြောကြား သွားခဲ့ပါတယ် ။

” တင်ဘာ က ကောင်းမွန်တဲ့ ဘောလုံး ရာသီ အချို့ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။မနှစ်ကတော့ အရင်ကလောက် သိပ်မကောင်းတဲ့နှစ် ဖြစ်ခဲ့တယ်ဆိုပေမယ့် ကျနော့် အမြင်အရ သူက သိပ်ကို အရည်အသွေးကောင်းတွေ ရှိတဲ့ နောက်ခံလူ တစ်ဦးပါ ။ ကျနော်သာ သူ့နေရာမှာဆို အာဆင်နယ် ကို ရွေးမှာပါ ။ ”
” အာဆင်နယ် က လူငယ် ကစားသမားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ အသင်း တစ်သင်းပါ ။ မာတင်နယ်လီ ၊ ဆာကာ ၊ အော်ဒီဂတ် တို့ကို သူတို့ ဘယ်လို ကိုင်တွယ်သလဲ ခင်ဗျားတို့ တွေ့ကြမှာပါ ၊ သူတို့က ဒီကစားသမားလေးတွေကို အမှားလုပ်ခွင့် ပေးသလို အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်လာအောင်လည်း လုပ်ဆောင် နိုင်စွမ်း ရှိပါတယ် ။ ”
” တင်ဘာ က ထိပ်တန်း ကစားသမား ဖြစ်လာမယ့် အလားအလာ မျိုးကို ပိုင်ဆိုင် ထားသူပါ ။ ဒါကြောင့် အာဆင်နယ် က သူ့အတွက် ကောင်းမွန်တဲ့ ခြေလှမ်း စတင်မှု ဖြစ်ပါလိမ့်မယ် ၊ အာဆင်နယ် က တိုးတက်မှု ရှိနေတဲ့ အသင်း ဖြစ်ပြီး လူငယ်တွေ နဲ့ အသင်းကို တည်ဆောက်နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






