Sunday, October 26, 2025
spot_img
spot_img

ဇွန်လအတွင်း ပြုလုပ်မည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ နှစ်ပတ်လည်အစည်းအဝေးတွင် VAR စနစ် ဖျက်သိမ်းခြင်းပြု၊ မပြု မဲခွဲဆုံးဖြတ်မည်

ဇွန်လအတွင်းပြုလုပ်မည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ နှစ်ပတ်လည်အစည်းအဝေးတွင် လက်ရှိအသုံးပြုနေသည့် VAR စနစ် ဖျက်သိမ်းခြင်းပြု၊ မပြု မဲခွဲဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ယခုရာသီတွင် VAR စနစ်နှင့် ဒိုင်များ၏ စွမ်းဆောင်ရည်အပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိပြီး ဝုလ်ဗ်အသင်းက ၂၀၂၄ -၂၀၂၅ ရာသီတွင် VAR စနစ် အသုံးပြုမှု ဖျက်သိမ်းရန် အဆိုပြုတင်ပြထားသည်။

ဝုလ်ဗ်အသင်း၏တင်ပြချက်တွင် ဘောလုံးလောကအတွက် အကောင်းဆုံးဖြစ်နိုင်ခြေရလဒ်ကို မိမိတို့အားလုံး ရှာဖွေလျက်ရှိကြောင်း၊ ပရီးမီးယားလိဂ်တွင် VAR စနစ်ကို (၅) ရာသီကြာ အသုံးပြုပြီးနောက် ၎င်း၏အနာဂတ်အတွက် အပြုသဘောဆောင်၍ ဝေဖန်ပိုင်းခြားမှုလုပ်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း၊ အနည်းငယ်သာ တိုးတက်လာသည့် တိကျမှုအတွက် မိမိတို့ပေးချေရသည့် ကုန်ကျမှုမှာ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ ရလဒ်အနေဖြင့် ၂၀၂၄ -၂၀၂၅ ရာသီမှစ၍ VAR အသုံးပြုမှု ပယ်ဖျက်သင့်ကြောင်း ဖော်ပြထားသည်။

ဝုလ်ဗ်အသင်း၏ တင်ပြချက်အပေါ် ဇွန် (၆) ရက်ပြုလုပ်မည့် ပရီးမီးယားလိဂ်ကလပ်အသင်းများ နှစ်ပတ်လည်အစည်းအဝေးတွင် ဆွေးနွေး၍ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းအရ အပြောင်းအလဲ ပြုလုပ်လိုပါက ကလပ်အသင်း (၂၀) ၏ သုံးပုံနှစ်ပုံဖြစ်သည့် (၁၄) သင်းက ထောက်ခံမဲပေးရန် လိုအပ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကမူ VAR အသုံးပြုမှုကို အပြည့်အဝထောက်ခံကြောင်း နှင့် ဆက်လက်တိုးတက်လာစေရန် ဒိုင်အဖွဲ့ (PGMOL) နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာခဲ့သည်။

”လာမယ့်လအတွင်း ပြုလုပ်မယ့် နှစ်ပတ်လည်အထွေထွေအစည်းအဝေးမှာ ကလပ်အသင်းတွေနဲ့ VAR အတွက် ဆွေးနွေးမှုက အဆင်ပြေချောမွေ့မယ်လို့ အတည်ပြုနိုင်ပါတယ်။ ကလပ်အသင်းတွေအနေနဲ့ ရှယ်ယာရှင်အစည်းအဝေးမှာ အဆိုပြုချက်တွေ တင်ပြခွင့်ရှိပါတယ်။ VAR အသုံးပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုနဲ့ ပြ ဿနာတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ လိဂ်ပြိုင်ပွဲအနေနဲ့ VAR အသုံးပြုမှုကို အပြည့်အဝ ထောက်ခံအားပေးပါတယ်။ အားကစားပွဲနဲ့ ပရိသတ်တွေရဲ့အကျိုးအတွက် ဒီစနစ် ဆက်လက်တိုးတက်စေဖို့ PGMOL နဲ့အတူ ဆောင်ရွက်သွားဖို့လည်း ကတိပြုပါတယ်” ဟု ပရီးမီးယားလိဂ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပရီးမီးယားလိဂ်တွင် VAR စနစ်ကို ၂၀၁၉-၂၀၂၀ ရာသီမှစ၍ အသုံးပြုနေခြင်းဖြစ်ပြီး အချက်အလက်များအရ တိုးတက်မှုရှိလာသော်လည်း သိသာထင်ရှားသည့်အမှားများကြောင့် ဝေဖန်မှုများခံနေရဆဲ ဖြစ်နေကြောင်းလည်း သိရှိရသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments