Wednesday, October 29, 2025
spot_img
spot_img

စီရော်နယ်ဒို၊ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်တွေကို လိုက်မီနိုင်မယ့်သူလို့ ဟာလန်းကို ချီးကျူးလိုက်တဲ့ ပက်ဂွါဒီယိုလာ

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက ဟာလန်းရဲ့သွင်းဂိုးမှတ်တမ်းတွေဟာ အံ့သြဘနန်းဖြစ်ပြီး စီရော်နယ်ဒို၊ မက်ဆီတို့ရဲ့စံချိန်မှတ်တမ်းတွေကို စိန်ခေါ်နိုင်စွမ်းရှိတယ်လို့ မှတ်ချက်ပြုလိုက်ပါတယ်။

ယမန်နေ့ညပိုင်း၊ အစ်ဆွစ်ချ်ကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဟာလန်းက မန်စီးတီးကစားသမားဘ၀ ၁၀ ကြိမ်မြောက် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။

အခုအချိန်မှာ ဟာလန်းက ဒေါ့မွန်မှပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ် ၆၈ ပွဲကစား၊ ၆၇ ဂိုး သွင်းယူနိုင်မှုအပါအဝင် ပြိုင်ပွဲစုံ ၁၀၁ ပွဲကစား၊ ၉၄ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ဒီလိုကိန်းဂဏန်းတွေကြောင့် ပက်ဂွါဒီယိုလာက ဟာလန်းကို ကမ္ဘာ့ဘောလုံးသမိုင်းရဲ့ဂန္တဝင်တွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ ယှဉ်ပြိုင်နိုင်မယ့်သူအဖြစ် သတ်မှတ်ထားပါတယ်။

ပက်ဂွါဒီယိုလာက “ဆဲလ်ဘတ်မှာလည်း ဟာလန်းက အခုလိုမျိုး ဂိုးတွေသွင်းယူနိုင်ခဲ့သလို ဂျာမနီမှာလည်း ဂိုးတွေသွင်းယူပြခဲ့ပါတယ်။ သူ့ရဲ့သွင်းဂိုးမှတ်တမ်းတွေက အံ့သြဘနန်းဖြစ်လောက်စရာပါ။

သွင်းဂိုးမှတ်တမ်းတွေနဲ့ပတ်သက်ပြီး ဟာလန်းက မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ သူ့အသက်အရွယ်မှာ ဒီလိုကိန်းဂဏန်းတွေအထိရှိနေတာ မယုံကြည်နိုင်လောက်စရာပါ။ ဟာလန်းက တကယ်အစွမ်းထက်တဲ့ လက်နက်ကောင်းတစ်ခုဖြစ်တာကြောင့် ဒီအသင်းမှာ နှစ်တွေအကြာကြီး ဆက်ရှိနေနိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ချဲလ်ဆီးကို ဝ-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ သွင်းဂိုးရယူပြီးနောက် ဟာလန်းက အခုဘောလုံးရာသီသစ်ပွဲဦးထွက် နှစ်ပွဲမှာပင် လေးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

ပက်ဂွါဒီယိုလာက အစ်ဆွစ်ချ်နဲ့ရင်ဆိုင်ဖို့ အသင်းလူစာရင်းရွေးချယ်ရာမှာ ယူရိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ရိုဒရီ၊ ဝေါ်လ်ကာနဲ့ ဖိုဒန်တို့ကို ချန်လှပ်ထားခဲ့ပါတယ်။ ဟာလန်းကတော့ ယူရို-၂၀၂၄ ပြိုင်ပွဲခြေစစ်ပွဲကို နော်ဝေအသင်းနဲ့အတူ မကျော်ဖြတ်နိုင်ခဲ့လို့ လွဲချော်ခဲ့သူဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာကတော့ အသက်-၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ နွေရာသီကာလအားလပ်ရက်ရှည်ရရှိမှုရဲ့အကျိုးတရားကို ခံစားနေရတယ်လို့ ယုံကြည်နေပါတယ်။

“ဟာလန်းက ပြီးခဲ့တဲ့ဘောလုံးရာသီထက် ပိုကောင်းလာပါလိမ့်မယ်ဆိုတဲ့ စကားကို လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်လောက်ကလည်း ကျွန်တော် ပြောခဲ့ဖူးပါတယ်။

ယူရိုပြိုင်ပွဲလည်း မကစားထားရလို့ အေးအေးလူလူ၊ သက်သောင့်သက်သာနဲ့ အခုဘောလုံးရာသီသစ်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။ အချို့အရာလေးတွေကိုတော့ ကျွန်တော်မကြိုက်ဘူးဆိုတာ အမေရိကန်ရာသီကြိုခရီးစဉ်မှာ ကျွန်တော်ကိုယ်တိုင် ဟာလန်းကို ပြောခဲ့ပါတယ်။ သူကလည်း ပြင်ဆင်ပေးခဲ့ပါတယ်။ အမှန်ပါပဲ၊ သူလည်း ပွဲတိုင်းတော့ မကစားနိုင်ပါဘူး။ သူ့ရဲ့သွင်းဂိုးမှတ်တမ်းကိန်းဂဏန်းတွေက ဘယ်လောက်အထိ အရေးပါသလဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်”လို့ ပက်ဂွါဒီယိုလာက ဆက်ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments