ဘရာဇီးလ်လက်ရွေးစင်အသင်း ၏ နည်းပြဖြစ်သူ ထိထီက တောင်ကိုရီးယားနှင့်ပွဲတွင် ရစ်ချာလီဆန်၏ သွင်းဂိုးအပြီးတွင် ကစားသမားများနှင့်အတူ ကွင်းအတွင်း ကခဲ့ခြင်းနှင့်ပတ်သက်ပြီး အသင်းစိတ်ဓာတ်အတွက် အရေးကြီးသည့်အရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

နာမည်ကျော် ဘောလုံးသုံးသပ် သူတစ်ဦးဖြစ်သည့် ရွိုင်ကင်းက ဘရာဇီးလ်အသင်းသားများသည် ရံဖန်ရံခါ မဟုတ်ဘဲ ဂိုးသွင်းပြီးတိုင်း ကခုန်နေခြင်းမှာ ပြိုင်ဘက်အသင်းအပေါ် လေးစားမှုကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

သို့ရာတွင် ဝင်ရောက်ကခုန်သည့်အထဲ၌ ဘရာဇီးလ်အသင်းနည်းပြ ထိထီပင် ပါဝင်ခဲ့သည်။

မီဒီယာများက ယင်းအတွက် မေးမြန်းခဲ့ပြီး ထိထီကလည်း “ကျွန်တော်က လူငယ်မျိုးဆက်တွေနဲ့ လက်တွဲပြီး အလုပ်လုပ်နေရတာပါ။ ကျွန်တော့်ရဲ့ အသက်က (၆၁) နှစ်ဖြစ်ပြီး အသင်းသားတွေထဲမှာ တချို့ဆိုရင် အသက် ၂၀၊ ၂၁ အရွယ်ပဲ ရှိကြသေးတယ်။ တကယ်ဆိုရင် သူတို့က ကျွန်တော့် မြေးအရွယ်တွေပဲ ရှိတယ်။ ကျွန်တော်နဲ့ သူတို့ကြားမှာ ဆက်သွယ်မှု လမ်းကြောင်းကောင်းဖို့လိုတယ်။ ကျွန်တော့်အကြောင်း ပိုသိတဲ့အခြေအနေနဲ့ ကျွန်တော့်အကြောင်း ဘာမှမသိတဲ့အခြေအနေဆိုရင် ကျွန်တော့်အကြောင်းကို အသင်းသားတွေ သိတဲ့အခြေအနေကိုပဲ ကျွန်တော် ရွေးမှာပါ”ဟု ပြောကြားခဲ့သည်။






