Sunday, October 19, 2025
spot_img
spot_img

ဂန်းနားသစ် ဒက်ကလန်ရိုက်စ် နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိပ်မသိကြတဲ့ အချက် (၁၃) ချက်

၁ ။ ကျောနံပါတ် ၄၁ ပိုင်ရှင် – ရိုက်စ် ​က အာဆင်နယ် အသင်းမှာလည်း ဝက်စ်ဟမ်း မှာ ဝတ်ခဲ့တဲ့ ကျောနံပါတ် ၄၁ ကို ဆက်လက် ဝတ်ဆင် ကစားမှာပါ ၊ ဒါပေမဲ့ ရိုက်စ်မှာ ကျောနံပါတ် ၄၁ ကို ဝတ်ရတဲ့ အကြောင်းအရင်း အခိုင်အမာတော့ မရှိပါဘူး ၊ အကယ်ဒမီမှာ ကတည်းက ဝတ်ခဲ့တဲ့ နံပါတ် ဖြစ်တာကြောင့် သစ္စာ ရှိရှိ ဝတ်ဆင် ကစားနေတာ ဖြစ်ပါတယ် ၊ နံပါတ်ပြောင်းဝတ်ရင် သူ့ရဲ့စွမ်းဆောင်ရည် အပေါ် သက်ရောက်မှု ရှိသွားမှာစိုးတာကြောင့်လည်း မြောက်လန်ဒန်မှာ နံပါတ် ၄၁ ဆက်ဝတ်မှာပါ ။

၂။ အိုင်ဒေါ နဲ့ တွဲကစားရတော့မှာဖြစ် – အရင်တုန်းက အင်တာဗျုးတွေမှာ ရိုက်စ် ဟာ သူလေးစားအားကျ အတုယူရတဲ့ ကွင်းလယ်လူတွေ နာမည်ကို ထုတ်ဖော် ပြောကြားဖူးခဲ့ပြီး ဘူးစကွက် ၊ ကန်တေ ၊ ဗီအဲရာ ၊ယာယာတိုရေး တို့ နာမည်တွေကို ထုတ်ပြောခဲ့ဖူးပါတယ် ။ ၂၀၁၉ ခုနှစ်က အင်တာဗျူးမှာတုန်းကတော့ ရိုက်စ် ဟာ ” ကျနော် ကိုယ့်ကိုယ်ကို ၊ ကိုယ်ကစားတဲ့ ပွဲတွေ နှင့် အခြား ကစားသမားတွေရဲ့ပွဲကို ကြည့်ဖြစ်ပါတယ် ။ ကျနော် ဂျော်ဂျင်ဟို ကို ကြိုက်ပါတယ် ၊ သူ့ရဲ့ကစားပုံ နှင့် ဘောလုံး ပေးပို့မှုတွေကိုပေ့ါ ၊ သူကစားတာကို ကြည့်ပီး ကျနော် ပြန်အသုံးချ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ဖူးပါတယ် ။ အခုတော့ ရိုက်စ် ဟာ အာဆင်နယ်မှာ သူ့ရဲ့ အိုင်ဒေါ ဂျော်ဂျင်ဟို နဲ့ အတူ တွဲဖက် ကစားရပါတော့မယ် ။

၃။ ရင်းနှီးတဲ့ နိုင်ငံ အသင်းဖော်များ – ရိုက်စ် နှင့် ဆာ​ကာ ဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ၂၁ ကြိမ်တိတိ တွဲဖက် ကစားခဲ့ဖူးပါတယ် ၊ ဆာကာနှင့်ရိုက်စ် ပထမဆုံး အကြိမ် တွဲဖက် ကစားတဲ့ ပွဲက ၂၀၂၀ ခုနှစ် ဘယ်ဂျီယံ နဲ့ နေရှင်းလိဂ်ပွဲ ဖြစ်ပါတယ် ၊ ဒါ့အပြင် ရိုက်စ် ဟာ ရမ်စ်ဒေးလ် ၊ ဘန်ဝှိုက် နှင့် စမစ်ရို တို့နဲ့လည်း အင်္ဂလန် အသင်းကြီးမှာ အတူတူ ဖြတ်သန်း ခဲ့ဖူးပါတယ် ။

၄။ ကလေးဘဝတည်းက အသင်းဖော် – ရိုက်စ် နဲ့ ကလေး ဘဝကတည်းက အတူ တွဲဖက်ကစားခဲ့ဖူးသူကတော့ အက်ဒီပါ ၊ နှစ်ယောက်က ချဲလ်ဆီး အကယ်ဒမီမှာ စဆုံခဲ့ကြတာပါ ၊ရိုက်စ် ကတော့ အက်ဒီ ဟာ တစ်သင်းလုံး စားလို့ ရနိုင်လောက်တဲ့ ထမင်း ပမာဏ ကို အမြဲယူလာလေ့ ရှိကြောင်း ဖောက်သည်ချခဲ့ဖူးပါတယ် ။

၅။ ကစားသမား ဘဝ ပထမဆုံးဂိုး – ရိုက်စ် ရဲ့ စီနီယာ ကလပ် ကစားသမား ဘဝ ပထမဆုံး သွင်းဂိုးက အာဆင်နယ် ဘက်ကို သွင်းခဲ့တာ ဖြစ်ပါတယ် ၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရိုက်စ် ဟာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ခဲ့တာပါ ။အဆိုပါ ပွဲဟာ လန်ဒန် ကွင်းကြီးမှာ ကစားတဲ့ ပွဲ ၅၀ မြောက် ဖြစ်ပြီး ရိုက်စ် က Man of the Match ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိ ခဲ့ပါတယ် ။

၆။ တစ်ရာသီလုံးပွဲချိန်ပြည့် ကစားနိုင်သူ – ၂၀၁၉-၂၀ ခုနှစ်မှာ ရိုက်စ် ဟာ ပရီးမီးယားလိဂ် တစ်ရာသီလုံး မိနစ်ပြည့် ကစားခဲ့တဲ့ အသက် ၂၁ နှစ်အောက် လေးယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပါတယ် ။ အဆိုပါနှစ်မှာ ရိုက်စ် ကစားခဲ့တဲ့ မိနစ် အရေအတွက်ဟာ စုစုပေါင်း ၃၄၂၀ မိနစ် အထိ ရှိခဲ့ပါတယ် ၊ ဒါ့အပြင် ရိုက်စ် ဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားနိုင်ခဲ့တဲ့ အထိ ကြံ့ခိုင်မှု ကောင်းခဲ့ပါတယ် ။

၇။ ငယ်ပေမယ့် အတွေ့အကြုံ မနည်းသူ – ဒီနှစ် ဧပြီမှာ ရိုက်စ် ဟာ ပရီးမီးယားလိဂ် ပွဲ ၂၀၀ ပြည့်တဲ့ ကိုးယောက်မြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ၊ ဒါပေမယ့် ရိုက်စ် ဟာ လက်ရှိ ကစားနေတဲ့ ကစားသမားတွေထဲမှာ ပွဲ ၂၀၀ ပြည့်တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်ပါတယ် ၊ ရိုက်စ် ဟာ ပွဲ ၂၀၀ ပြည့်တဲ့ ဝက်စ်ဟမ်း အသင်းရဲ့ စတုတ္တမြောက် အသက် အငယ်ဆုံး ကစားသမားလည်း ဖြစ်ပါတယ် ။

၈။ အထင်ကြီးစရာ အချက်အလက်များ – ရိုက်စ် ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ possession won တဲ့ အကြိမ်ရေ အများဆုံး ကစားသမား ဖြစ်သလို ကြားဖြတ်ရယူနိုင်မှုမှာလည်း နံပါတ် ၁ ချိတ်ခဲ့ပါတယ် ။ ဒါတင်မကသေးပါဘူး ၊ ဘောလုံး သယ်ယူဆွဲပြေးမှု အပိုင်းမှာလည်း နံပါတ် ၂ ၊ ဘောလုံး ဖျက်ထုတ်နိုင်မှုမှာ Top 10 ဝင်ခဲ့ပါတယ် ။ ခံစစ် က​နေ တိုက်စစ် ကူးပြောင်းနိုင်မှု အကြိမ်ရေလည်း ၂၆၁ ကြိမ် အထိ ရှိခဲ့ပြီး ဘရူနို ရဲ့နောက် ဒုတိယနေရာမှာ ရှိပါတယ် ။

၉။ ဂန္တဝင် ကပ္ပတိန် – ရိုက်စ် ဟာ ပြီးခဲ့တဲ့ရာသီမှာ ဝက်စ်ဟမ်း အသင်း ကွန်ဖရန့်လိဂ်ဖလား ရရှိအောင် ဦးဆောင် နိုင်ခဲ့ပြီး ဘော်ဘီမိုးနောက်ပိုင်း အင်္ဂလန် ကလပ် အသင်း တစ်သင်းကို အဓိက ဆုဖလား ရရှိအောင် ဦးဆောင် နိုင်ခဲ့တဲ့ အသက် အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

၁၀ ။ From Hammers to Gunners – ရိုက်စ် ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွင်း အာဆင်နယ် နှင့် ဝက်စ်ဟမ်း နှစ်သင်း စလုံးမှာ ကစားဖူးတဲ့ အယောက် ၂၀ မြောက် ကစားသမား ဖြစ်လာမှာပါ ။ ဒါပေမဲ့ ရိုက်စ် ဟာ ဝက်စ်ဟမ်း ကနေ အာဆင်နယ် ကို တိုက်ရိုက်ရောက်လာတဲ့ ပထမဆုံး ကစားသမားပါ ၊ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ နာမည်ကြီး ကစားသမားတွေကတော့ ဝီလ်ရှိုင်းယား ၊ ဆောင်း ၊ ဖေဘီယန်စကီး ၊ ယွန်းဘတ် ၊ အီယန်ရိုက်တို့ပါ ။

၁၁။ ဂျာစီတွေလဲလှယ် အလှထားရသူကို သဘောကျသူ – ရိုက်စ် ဟာ ပြိုင်ဘက် ကစားသမားတွေနဲ့ ဂျာစီချင်း လဲလှယ် ရတာကို နှစ်ခြိုက်သူ ဖြစ်ပြီး သူ့ရဲ့ အိမ်ကအခန်းမှာ ဂန်းနားဟောင်းတွေ ဖြစ်ကြတဲ့ အီယန်ရိုက် ၊ ဝီလ်ရှိုင်းယား ၊ လူးဝဇ် ၊ အူဘာမီယန်းတို့ရဲ့ဂျာစီတွေ ရှိပါတယ် ။ ရိုက်စ် ဟာ ပြီးခဲ့တဲ့ ဧပြီမှာလည်း ဂန်းနား ကပ္ပတိန် အော်ဒီဂတ် ဆီကနေ လက်မှတ် ရေးထိုးထားတဲ့ ဂျာစီ ကို လဲလှယ် ရယူ ခဲ့ပါတယ် ။

၁၂။ အကောင်းဆုံးဆုတွေ မကြာခဏ ရသူ – ရိုက်စ် ဟာ ဝက်စ်ဟမ်း အသင်းမှာ ကစားခဲ့တဲ့ တစ်လျှောက် တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆု ၃ ကြိမ် ၊ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၃ ကြိမ် ၊ ကွန်းဖရန့်လိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၁ ကြိမ် ရရှိခဲ့သလို ယူရိုပါလိဂ် နှင့် ကွန်းဖရန့်လိဂ် တစ်နှစ်တာ အကောင်းဆုံး အသင်းတွေမှာလည်း ပါဝင် ခဲ့ပါတယ် ။

၁၃။ ဘောလုံးပြင်ပ ဝါသနာ – ရိုက်စ် ဟာ သူ့ရဲ့အားလပ်ရက် အချိန်တွေမှာ ဂေါ့ဖ့် ရိုက်လေ့ ရှိသူ ဖြစ်ပြီး dartboard နှင့် pool table ကိုလည်း ကစားလေ့ ရှိပါတယ် ။ ဒါ့အပြင် ရိုက်စ် ဟာ sneaker တွေ စုဆောင်းရတာ ဝါသနာ ထုံသူ ဖြစ်ပီး အားလပ်ချိန်မှာ ခွေးနဲ့ အတူ လမ်းလျှောက်တာ ၊ ကွန်ပြူတာဂိမ်း ကစားတာတွေကိုလည်း လုပ်လေ့ ရှိပါတယ် ။ နောက်ထပ် ထူးခြားတာ တခုက ရိုက်စ် ဟာ ပွဲမကစားမှီတိုင်း ထမင်းနှင့် ကကတစ် ငါးဟင်းကို စားလေ့ ရှိတာပါပဲ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments