လီဗာပူး အသင်းရဲ့ နောက်ခံလူဟောင်း လည်း ဖြစ်သလို Sky Sports ရဲ့ ဘောလုံး ဝေဖန် သုံးသပ်သူ အဖြစ်လည်း လုပ်ကိုင်နေတဲ့ ကာရေဂါ က ဒီနေ့ မနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲမှာ ဒက်ကလန် ရိုက်စ် ဟာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်လို့ ချီးကျူး ပြောကြား လိုက်ပါတယ် ။
ဒက်ကလန်ရိုက်စ် ဟာ ပဲလေစ့် နဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု ၉၀% အထိ တိကျခဲ့ပြီး ဘောလုံး ထိချက် ၆၈ ကြိမ် ၊ final third အတွင်း ပေးပို့မှု ၇ ကြိမ် ၊ ဘောလုံး ပိုင်ဆိုင်မှု အနိုင်ရမှု ၃ ကြိမ် ၊ ဘောလုံး ယှဉ်လုရာမှာ အသာရမှု ၄ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၁ ကြိမ် ၊ ဘောလုံး ဖျက်ထုတ်မှု ၁ ကြိမ် ၊ ဘောလုံး ကြားဖြတ် ရယူနိုင်မှု ၁ ကြိမ် နဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။

ပွဲအပြီးမှာ ကာရေဂါ က ရိုက်စ် ဒီနေ့ ကစားသွားတဲ့ နေရာဟာ သူနဲ့ အလိုက်ဖက်ဆုံး နေရာ ဖြစ်ပြီး သူ့ရဲ့ Man of the Match ကစားသမား ဖြစ်တယ်လို့ ချီးကျူး သွားခဲ့ပါတယ် ။ ” ဒီနေ့ညမှာ ရိုက်စ် ကစားသွားတဲ့ role ကို အရင်ပွဲတုန်းက lines တွေကြားထဲကနေ ထွက်လာပြီး ကစားတဲ့ ပုံစံမျိုးထက် ပိုကြိုက်ပါတယ် ။ သူ့ရဲ့ မူလ နေရာက ကိုယ့်အသင်းရဲ့ ဂိုးပေါက်နဲ့ သိပ်ကိုမှ နီးကပ်တဲ့ နေရာကနေ အရှေ့ ကို ဘောလုံး ဆွဲပြေး အသင်းကို မောင်းနှင် တာပါ ။ ဒီလို ကစားတာက သူ့အတွက် အကောင်းဆုံး အလိုက်ဖက်ဆုံးပါပဲ ။ “

” ရိုက်စ် က မန်နေဂျာဆီ ကနေ တိုက်စစ် ကို ပိုမို လိုက်ပါ ကစားနိုင်ဖို့ သင်ယူ လေ့လာနေတယ်လို့ ပြောသွားခဲ့ပါတယ် ။ ကျနော် ကတော့ သူနဲ့ အဲ့ဒီလို ကစားတာမျိုးက မလိုက်ဖက်ဘူးလို့ပဲ ထင်ပါတယ် ၊ ဒီနေ့ည မြင်ရတဲ့ ကစားပုံကို ကျနော် ကတော့ ပိုကြိုက်ပါတယ် ။ သူ့ဆီ ကနေ အရာအားလုံး အစပြုတယ်လို့ကို ခံစား ခဲ့ရတဲ့ ကစားပုံပါ ၊ သူက ကွင်းရဲ့ ဗဟိုချက်မှာ နေရာယူပြီး ဘောလုံး လက်ခံတယ် ၊ ဟိုဘက် ကနေ ဒီဘက်ကို တကယ့်ကို ကောင်းမွန်လွန်းလှတဲ့ ကိုက် ၅၀ ၆၀ ပေးပို့မှုတွေနဲ့ switch play လုပ်ပြခဲ့ပါတယ် ။ “
” ဒါတင် မကသေးပါဘူး ၊ တိုက်စစ် ကို ပြေးလွှား လိုက်ပါပြီး အက်ဒီဆီလည်း ပေးပို့မှုတွေ လုပ်နိုင် ခဲ့ပါတယ် ၊ သူက ကွင်းထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာပါ ၊ သူ ကစားတာ သိပ်ကို ကောင်းလွန်း ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






